Wednesday, July 4, 2007

အခွန်စည်းမျဉ်းသစ်ကြောင့် ကော့သောင်း ရေလုပ်ငန်းအခက်တွေ့

Irrawaddy ကိုစိုး | ဇူလိုင် ၂၊ ၂၀၀၇

ထိုင်းမြန်မာ နယ်စပ်ကော့သောင်းမြို့ ရေလုပ်ငန်းရှင်များကို အာဏာပိုင်များက ဖိအားပေး၍ အခွန်တင်းကျပ်မှုများ ပြုလုပ်သောကြောင့် လုပ်ငန်းတချို့ ရပ်ဆိုင်းခဲ့ရပြီး အလုပ်သမားတချို့ အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။

စစ်အစိုးရက မေလမှ စတင်၍ ကော့သောင်းရှိ ရေလုပ်ငန်းကုမ္ပဏီများအား “ပုံမှန်ကုန်သွယ်ရေး စနစ်”သို့ ပြောင်းလဲပြီး အခွန်ငွေကို ဒေါ်လာဖြင့် သတ်မှတ်လိုက်သည့်အတွက် ကုန်ကျစရိတ်များ မြင့်တက်လာသောကြောင့် ကုမ္ပဏီငယ် ၂၀ ခန့် ရပ်ဆိုင်းပြီး အလုပ်သမား ၅၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့သည်ဟု ကော့သောင်းမှ စီးပွားရေးလုပ်ငန်းရှင် ကိုမောင်တူးက ပြောသည်။

“ကုမ္ပဏီကြီး ၈ ခုလောက်ပဲ ဆက်လုပ်နိုင်တယ်၊ အသေးတွေကတော့ မလုပ်နိုင်တော့လို့ ပိတ်လိုက်ကြရတယ်”ဟု ကိုမောင်တူးက ပြောသည်။

အခွန်ဆောင်ရာတွင်လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်သည့် နှုန်းအတိုင်း တလလျှင် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

တချို့ တပိုင်တနိုင်လုပ်ကိုင်နေသော ကုမ္ပဏီအသေးများသည် ကိုယ်တိုင် ရပ်တည်မလုပ်နိုင်သောကြောင့် ကုမ္ပဏီကြီး များနှင့် ပူးပေါင်းလုပ်ကိုင်နေရသည်ဟုလည်း သိရသည်။

ကော့သောင်းမြို့တွင် ရေလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီပေါင်း ၂၈ ခုခန့်ရှိပြီး ယခင်က မြန်မာကျပ်ငွေဖြင့် လုပ်ကိုင်နေရာ ယခုလမှစတင်၍ လုပ်ငန်းရင်းနှီးမြှုပ်နှံငွေကိုလည်း အစိုးရသို့ ဒေါ်လာဖြင့်ပြရသည့်အတွက် ကျပ်ငွေအစား ဒေါ်လာငွေ ရရှိရန် ပွဲစားများဖြင့် ရှာဖွေပြသရသောကြောင့် ကုန်ကျစရိတ် ၃ ဆခန့် မြင့်တက်လာသည်ဟု အမည်မဖော်လိုသူ ကော့သောင်းအခြေစိုက် ရေလုပ်ငန်းပိုင်ရှင် တဦးကပြောသည်။

ယခု အခွန် စည်းမျဉ်းအသစ်သည် အခွန်ငွေကို အဆမတန် တိုးမြင့်ကောက်ခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဧပြီလ မတိုင်ခင်က တလလျှင် ကျပ် ၇၈ သန်း (ဒေါ်လာ ၆ ထောင်) ခန့်သာ အခွန်ပေးဆောင်ခဲ့ရပြီး ယခုမူ ကျပ် သန်း ၁၃၀ (ဒေါ်လာ ၁ သိန်း)ခန့် ပေးဆောင်နေရကြောင်း ၎င်းက ပြောသည်။

အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က တနိုင်တပိုင် ရေလုပ်ငန်းလုပ်ကိုင်သူများမှာ ယခင်က ကျပ် ၅၀၀၀၀ (၃၈ ဒေါ်လာ) ခန့်ဖြင့် ရင်းနှီးလည်ပတ်၍ရသော်လည်း ယခုစနစ်သစ်တွင် အနည်းဆုံး ကျပ် ၆၅ သန်း (ဒေါ်လာ ၅၀၀၀) ခန့်လိုသည်ဟု ဆိုသည်။

ယခု အခွန်စည်းမျဉ်းအသစ်သည် တနိုင်တပိုင်လုပ်ငန်းငယ်များကို အဓိက ထိခိုက်ခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီကြီးများ အနေဖြင့်မူ ကျပ်သန်း ၁၃၀ (ဒေါ်လာ ၁ သိန်း) မှ ကျပ် သန်း ၂၆၀ (ဒေါ်လာ ၂ သိန်း) အထိပင် ကျယ်ကျယ် ပြန့်ပြန့် ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်နေကြကြောင်း သိရသည်။

“အခုပုံစံက ကုမ္ပဏီကြီးတွေဘာမှ မဖြစ်ပေမယ့် လုပ်ငန်းအသေးစားတွေကတော့ ရပ်တည်ဖို့ မဖြစ်နိုင်ဘူး၊ ရင်းနှီးဖို့ငွေလည်း မရှိကြဘူး”ဟု ကိုမောင်တူးက ပြောဆိုသည်။

လုပ်ငန်းမလည်ပတ်နိုင်၍ ပိတ်လိုက်သော ကုမ္ပဏီများမှာ မြန်မာပိုင်ကုမ္ပဏီများဖြစ်ပြီး လည်ပတ်လုပ်ကိုင်နေသော ကုမ္ပဏီကြီး ၈ ခုအနက် ၆ ခုမှာ ထိုင်း လူမျိုးပိုင်ကုမ္ပဏီများဖြစ်သည်ဟု သိရသည်။
ကော့သောင်းမှတဆင့် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့ရာတွင် ဇွန်လ ၁ ရက်နေ့မှစတင်၍ ပုံမှန်ကုန်သွယ်ရေးစနစ်သို့ ပြောင်းလဲလိုက်သောကြောင့် ကုန်သွယ်မှုပမာဏ လျော့ကျသွားခဲ့ကြောင်း၊ သို့သော် မကြာခင် ပြန်လည်သွက်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ကိုကိုးကား၍ ဗုဒ္ဓဟူးနေ့ထုတ် ၀ိကလီး အလဲဗင်း ဂျာနယ်ကလည်း ဖော်ပြထားသည်။ [Top]

0 comments:

Template by : kendhin x-template.blogspot.com