Tuesday, July 10, 2007

အာရှစီးပွားရေး အကြပ်အတည်း ၁၀နှစ်ပြည့် အခြေအနေ

Posted July 2nd, 2007 by mirrorboy in Phatpa.com

တရုတ်ပြည်သည် ကမ္ဘာတွင် အလျင်မြန်ဆုံးနှင့် ဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေးနိုင်ငံကြီး ဖြစ်လာနေသည်။ ကျယ်ပြန့်လှသော တရုတ်ပြည်ကြီးတွင် နှစ်စဉ်အလုပ်အကိုင်ပေါင်း ၂၅ သန်း ဖန်တီးရန်လည်း လိုအပ်လာသည်။

တရုတ်ပြည်၏ ကုန်ကြမ်းပစ္စည်းလိုအပ်နေမှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများလည်း အချိန်ပြည့်တက်နေသည်။ အမေရိကန်နှင့် ကုန်သွယ်ရေး တစ်ဖက်စောင်းနင်း ဖြစ်မှုကြောင့် ဒေါ်လာတန်ဖိုး အနိမ့်ဆုံးစံချိန်ထိ ကျသွားရသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတဟုန်ထိုး ဖွံ့ဖြိုးလာမှုသည် စီးပွားရေးကောင်းမွန်မှု အကြွင်းမဲ့တစ်ရပ်မဟုတ်သလို စီးပွားရေးအရ ချွတ်ချော်တိမ်းပါးမှု ဖြစ်လာပါက မည်သို့ဆိုးဆိုးဝါးဝါး ဖြစ်ပျက်လာနိုင်ကြောင်းကိုလည်း စိုးရိမ်နေကြသည်။

အကယ်၍ အရှေ့အာရှ အကျပ်အတည်းမျိုး နောက်ထပ်ဖြစ်ပေါ်လာပါက မည်သို့ဖြစ်လာနိုင်သနည်းကို စိုးရိမ်နေကြသည်။

ယခင်က အာရှစီးပွားရေး အကျပ်အတည်းကို အခြေခံ၍ အမေရိကန် အိတ်စရတ်ဘဏ်စီးပွားရေး ပညာရှင်များက လေ့လာချက်တစ်ရပ် တင်ပြထားသည်။

ပြီးခဲ့သော အာရှအကျပ်အတည်း ပြဿနာမှာ အစိုးရ၏ ငွေကြေးအကျပ်အတည်း ပြဿနာထက် ပုဂ္ဂလိက အခန်းကဏ္ဍပိုင်းမှ စီးပွားရေး ဖွံ့ဖြိုးမှု ကျိုးပေါက်သည့် ပြဿနာကြောင့် ပိုပြီးဖြစ်ရကြောင်း၊ သို့သော်လည်း ကုမ္မဏီများနှင့် ဘဏ်များမှာ နောက်နှစ်များတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ အာမခံငွေချေးယူမှုများ အထူးသဖြင့် ကာလတိုနိုင်ငံခြား ငွေချေးယူမှုများကို လျော့ချခဲ့ရကြောင်း စီးပွားရေးပညာရှင်များဖြစ်သော ဂျွန်ကယ်ဗာလီနှင့် ကေဗင်ဂရိုက်စ်တို့က ဝေဖန်တင်ပြခဲ့ကြသည်။

လွန်ခဲ့သော ၁၀နှစ် ၁၉၉၇ ဇူလိုင်လ၂ ရက်နေ့က ထိုင်းဗဟိုဘဏ်တွင် နိုင်ငံခြားအရန်ငွေများ ပြတ်လပ်သွားခဲ့ရချိန်တွင် ထိုင်းဘတ်ငွေကို မဖြစ်မနေ တန်ဖိုးချခဲ့ရသည်။

၎င်းအချိန်သည် ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်းတွင် အဆိုးဝါးဆုံးသော ဘဏ္ဍာရေး အကျပ်အတည်းနှင့် စီးပွားရေး ပြိုလဲကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကျပ်အတည်းကြောင့် ထိုင်း ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့တွင် စီးပွားရေးအကျပ်အတည်းများ ပေါ်ခဲ့ရသည်။

အလားတူ ပြဿနာ တောင်အမေရိကနှင့် ရုရှားတို့တွင်လည်း ကြုံတွေ့ခဲ့ရပြီး စီးပွားရေဂယက်ကြောင့် ရေနံဈေးနှုန်း တဟုန်ထိုးကျဆင်းက ၁၉၉၈ တွင် ရေနံတစ်စည် ၈ ဒေါ်လာနှုန်ထိ ရောက်သွားခဲ့သည်။

ယနေ့အချိန် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ကြီးထွားလာမှုများသည် ပို့ကုန်နှင့် ရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံ၏ GDP တိုးနှုန်းသည် ၁၉၈၇-၉၅ တွင် ပျမ်းမျှ ၁၀ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး အိမ်ယာမြေများ ဈေးကွက်နှင့် စတော့ဈေးကွက်များလည်း ခိုင်မာခဲ့သည်။

သို့သော်လည်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ဖွံ့ဖြိုးမှု ၁၉၉၆-၉၇ နှေးကွေးလာချိန်တွင် ပုဂ္ဂလိကအခန်းကဏ္ဍတွင် ငွေစာရင်းရှင်းတမ်း၌ အားနည်းချက်ကြောင့် ရင်းနှီးမြုပ်နှံသူများ စိတ်ထားရုတ်တရက် ပြောင်းလဲခဲ့သည်။

ထို့ကြောင့် ငွေလုံးငွေရင်းထွက်မှုနှင့် ငွေတန်ဖိုးချရမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား၏ အကြီးမားဆုံးသော ဆမ်ဆောင်းနှင့် ဟွန်ဒိုင်းကော်ပိုရေးရှင်းကြီးများလည်း ၎င်းအကျပ်အတည်း ကြုံခဲ့ရသည်။

IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ကြီးက ကြားဝင်ဖြေရှင်းခဲ့သည်ဟု ဆိုသော်လည်း ပြဿနာမှာ ရှုပ်ထွေးနေဆဲဖြစ်သည်။ ယခုအချိန်တွင်လည်း တောင်ကိုရီးယား ကော်ပိုရေးရှင်းကြီးများ အနေနှင့်စီးပွားရေး တိုးမှုနှုန်းမှာ ၁၉၉၀ ခုနှစ်အောက်တွင်ရှိသည်။

0 comments:

Template by : kendhin x-template.blogspot.com