Tuesday, July 10, 2007

ကြောက်တယ်ဆိုတာ

Posted April 6th, 2007 by naynyonyo in Phatpa.com
1 April 2007, Internet ရှာဖွေစက်

အင်တာနက် ပေါ်လာတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး အလွယ်တကူ ဆက်သွယ်နိုင်တဲ့ mail, talk, video conference တို့ကို လူသုံးများလာပြီး ကမ္ဘာကြီးဟာ ကျုံ့ လာပါတယ်။ သို့သော် တကယ် အသုံးအများဆုံးက Search Engine ခေါ် ရှာဖွေစက် ဖြစ်ပါတယ်။ ရှာချင်တဲ့ ခေါင်းစဉ်ကို ရိုက်ထည့်ပေးလိုက်ရင် သိချင်သမျှကို ရနိုင်သမျှ အချက်အလက် အားလုံး ရှာဖွေ ပေးနိုင်တာ ဖြစ်လို့ ကိုယ်ရဲ့ မော်ဒယ် အောက်နေတဲ့ ပရင်တာ အတွက် အပို မင်ဗူး ဘယ်မှာ ၀ယ်ရနိုင်တယ် ဆိုတာမျိုးက အစ မုန်တိုင်း ထန်တတ်တဲ့ ဒင်ဗာမြို့ရဲ့ နောက်ဆုံးပေါ် လေယာဉ်ခရီး အခြေအနေ အကြောင်းထိ စူးစမ်းလို့ ရနေပါပြီ။ ဒါကြောင့် ရှာဖွေစက် ဆိုတာကို အားကိုး အားထား တစ်ခုလို့ အင်တာနက်နဲ့ ယဉ်ပါးသူတိုင်း သိနေပါပြီ။ နောက်တစ်မျိုး ကတော့ ခံစားမှုတွေ မျှဝေချင်လာတဲ့ အခါမျိုးမှာ အဖော်ကောင်း တစ်ဦး အဖြစ် အလွန် အသုံးဝင်တာ ဖြစ်ပါတယ်။
ဘာတွေလဲနှင့် အကြောက်

Google, Yahoo, MSN အစရှိတဲ့ ရှာဖွေစက်ကြီးတွေ အပေါ်မှာ လူတွေက ဘာကို အရှာများကြသလဲ? နေ့စဉ် အရေအတွက် သန်းနဲ့ချီပြီး ရှာဟယ် ဖွေဟယ် လုပ်နေကြတာကို ပထမဆုံး တစ်သန်းမှာ စာရင်းချုပ် ကြည့်လိုက်တဲ့ အခါ ထိပ်ဆုံးမှာ ရှိနေတာက အွန်လိုင်း ဈေးဝယ်မှု (၁၂%) ဖြစ်ပြီး ဒုတိယ လိုက်တာကတော့ ပညာရေး ကိစ္စ (၉%)၊ တတိယကတော့ သတင်း (၅%) ဖြစ်ပါတယ်။

အဲဒီမှာ ဆန်းဆန်းပြားပြား အဖြစ် တွေ့ရတာကတော့ ရှိတော့ရှိတယ် ရှားတယ်ဆိုတဲ့ အကြောက်တရား အကြောင်း သိချင်မှုပါ။ လူအနည်းစု လောက်ကပဲ စိတ်ဝင်စားတဲ့ ခေါင်းစဉ်မျိုး ဖြစ်နေပါတယ်။
ဘာတွေကြောက်ကြသလဲ

လူတွေဟာ အများရှေ့ ထွက်စကားပြော ရမှာတို့ ပင့်ကူတို့၊ သရဲတို့ ကြောက်လေ့ ရှိကြတယ်လို့ ယူဆလာခဲ့တာ ကြာပါပြီ။ လူရှေ့ ထစကားပြော ရမှာကို သေရမှာထက် ကြောက်ကြတယ် ဆိုတာ ဟုတ်များ ဟုတ်နေသလား ဆိုပြီး အင်တာနက်က တဆင့် စစ်တမ်း ထုတ်ကြည့်လိုက်တော့ အဲဒီ လူရှေ့ သူရှေ့ စကားပြောရတာကို ကြောက်တာဟာ နံပါတ် (၁၀) အတွင်းတောင် မချိတ်တာ တွေ့ရပါတယ်။

အခု နှစ်ဆန်းပိုင်း မတိုင်ခင်က စပြီး ၁၂ ပတ်တိတိ search engine တွေကို စစ်တမ်း ထုတ်လိုက်တဲ့အခါ လူတွေရဲ့ အကြောက်ကို နံပါတ်စဉ်လိုက် ဒီလို တွေ့ပါတယ်။ (၁) လေယာဉ် စီးရမှာ၊ (၂) လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ရမှာ၊ (၃) အမှောင်၊ (၄) သေခြင်း၊ (၅) ပင့်ကူနဲ့ ပိုးမွှား၊ (၆) ကားမောင်းဖို့၊ (၇) ချစ်ရမှာ၊ (၈) နတ်ဘုရားများ၊ (၉) အောင်မြင်မှု၊ (၁၀) အထီးကျန်မှု။

ဆန်းဆန်းပြားပြား ကြံကြံဖန်ဖန် တွေလည်း ပါပါတယ်။ ခြေထောက်တဲ့။ ပတ်တီးစတဲ့။ မျက်နှာကြက် ပန်ကာတဲ့။ ပျော်ရွှင်မှုနဲ့ ကြုံရမှာတဲ့။ ဆန်းဆန်းကြယ်ကြယ် အဖြစ် နို့်မှုန့်တို့ မြေပဲထောပတ်ယို တို့ စားအပြီး အာခေါင် ကပ်နေတာကို ကြောက်တယ် ဆိုတာတောင် ရှိပါတယ်။
ခွဲကြည့်ရင် ၂ မျိုးသာ

အကြောက်ကို အုပ်စု ခွဲရင်တော့ နှစ်မျိုးပဲ ရှိပါတယ်။ တစ်ယောက်ထဲ နေရမှာကို ကြောက်တာနဲ့ အများနဲ့ ရောရမှာကို ကြောက်တာပါ။ အထီးကျန် ရမှာကို ကြောက်တာရယ်၊ လူကြားထဲ မ၀င်ဆံ့မှာကို ကြောက်တာရယ်လို့ ရှင်းရှင်း မြင်နိုင်ပါတယ်။

ဒီလို အကြောက်တရား တွေကို အင်တာနက်က ကုစား ပေးပါတယ်။ တစ်ယောက်တည်း ထိုင်ပြီး ကမ္ဘာတလွှားက လူတွေနဲ့ ဆက်သွယ် ရင်ဖွင့်နေရတယ် ဆိုတာ အထီးကျန်မှုလည်းပျောက်၊ တကယ်လည်း ရောနှော နေထိုင်စရာ မလိုဘဲ ကိုယ့်ဒုက္ခတွေ၊ သောကတွေကို ရင်ဖွင့်လို့လည်း ရတော့ ထက်မြက်တဲ့ ခေတ်ပေါ် ကုစားမှုလို့ ပြောနိုင်ပါတယ်။
ခက်ရပုံက

အဲဒီမှာ ပြဿနာ တစ်မျိုး ရှိလာပြန်ရော။ တချို့တွေမှာက ကိုယ် ဘာကြောက်တတ်တယ် ဆိုတာ သူများ သိသွားမှာ ကြောက်ပါသတဲ့။ အဲဒါကို ဆေးပညာအရ Phobophobia လို့ ခေါ်ပါတယ်။ fear of fear လို့ အဓိပ္ပာယ် ကောက်နိုင်ပါတယ်။ ဒီရောဂါဟာလည်း အကြောက်တရားထဲမှာ စာရင်းဝင်တဲ့ ရောဂါပါ။ အမှတ်စဉ် ၁၇၃ -ကြောက်နေတဲ့ အစွဲကို သူများသိသွားမှာကို သူများ သိသွားမှာ ကြောက်ခြင်း - တဲ့။

0 comments:

Template by : kendhin x-template.blogspot.com