Thursday, July 5, 2007

ရေပိုင်နက်ကျော်လာသည့် ထိုင်းငါးဖမ်းလှေကို မြန်မာတပ်က ပစ်ခတ်

ရေပိုင်နက်ကျော်လာသည့် ထိုင်းငါးဖမ်းလှေကို မြန်မာတပ်က ပစ်ခတ်
သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
ဇွန်လ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်

မြန်မာရေပိုင်နက်အတွင်း ကျူးကျော် ၀င်ရောက်လာသော ထိုင်းငါးဖမ်းလှေ တစင်းကို နအဖ စစ်အစိုးရ တပ်သားများက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်သဖြင့် အနည်းဆုံး လူ ၆ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်း အမှတ် ၅၈ ရေတပ်စခန်း အခြေစိုက်ရာ ဇာဒက်ကြီးကျွန်းအနီး ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းသူများကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင် နအဖ ခလရ ခြေလျှင်တပ်ရင်း ၂၆၇ တပ်သားများက လှေငယ်များဖြင့် လိုက်လံ ပစ်ခတ် ဖမ်းဆီးရာမှ ထိုင်းနှင့် မြန်မာ ရေလုပ်သားများ သေနတ်ဒဏ်ရာ ရရှိခဲ့ကာ ရနောင်းမြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။

“မနေ့က လှေအလုပ်သမား အပစ်ခံရလို့ ဒဏ်ရာရပြီး ရောက်လာတာ ၆ ယောက်။ အခုဆေးရုံမှာ အိပ်နေတာ ၅ ယောက်။ ရောက်လာခါစတုန်းက အရေးပေါ် လူနာအခန်းမှာ ကုသပြီးတော့ နောက်ကျ ဆေးရုံကို ပြောင်းသွားတယ်။ အားလုံး ၅ ယောက်” ဟု ရနောင်း ဆေးရုံ အရေးပေါ် လူနာခန်းမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောပြသည်။

ထိုင်းငါးဖမ်းလှေများသည် မြန်မာ ရေပိုင်နက်အတွင်း ၀င်ရောက် ငါးဖမ်းရာတွင် မြန်မာဘက်က ကြည်းတပ်၊ ရေတပ်ရှိ အောက်ခြေ အရာရှိများကို ပွဲစားမှတဆင့် နားလည်မှုနှင့် လိုင်းကြေးငွေ ပေးကာ ငါးဖမ်းနေကြခြင်း ဖြစ်သော်လည်း ယခုအခါ လာဘ်ငွေယူသည့် အဖွဲ့ဟောင်း ပြောင်းရွှေ့သွားပြီး အသစ် ရောက်လာသည့် တပ်ဖွဲ့မှ ပစ်ခတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။

0 comments:

Template by : kendhin x-template.blogspot.com