Tuesday, July 10, 2007

Yahoo! နဲ့ MSN တို့ လိုက်မမီတဲ့ Google

Posted April 20th, 2007 by sys in * စီးပွားရေး

18 April 2007, Economists

အင်တာနက်ရဲ့ နာမည်ကျော် google ဟာ ပြိုင်ဖက်တွေကို လက်ရုံးဆန့်တန်း ပြလိုက်ပြန်ပါပြီ။ နှစ်သစ်ရဲ့ ပထမ လေးလပတ် အမြတ် ကြေညာချက်တွေ ထွက်လာတော့ ခန့်မှန်းသူတွေ အထင်ကြီးထားတဲ့ Yahoo က ထင်သလို မဖြစ်ဘဲ ၀င်ငွေ ၁၁% ကျဆင်းပြီး ဒေါ်လာ ၁၄၂ သန်းသာ ရပါတယ်။ အဲဒီအချိန်မှာ google ရဲ့ အနေအထားက ပိုကောင်းလာ နေပါတယ်။ အင်တာနက်မှာ ၆၄% ကျော်ကျော်က google ကို အသုံးပြုကြတဲ့ အချိန်မှာ Yahoo! က ၂၁% နဲ့ ဒုတိယဖြစ်ပြီး အတော်လှမ်းလှမ်းမှာ ပြတ်ကျန်ခဲ့တဲ့ တတိယနေရာ မှာတော့ ၁၀% တောင် မပြည့်တတ်တဲ့ MSN ပါ။ google ဟာ ဒီလို လူကြိုက်များတယ် ဆိုတာ ကြော်ငြာရှင် တွေလည်းကြိုက်၊ ကြည့်သူတွေ ကလည်း ကြိုက်ကြလို့ပါ။ သတင်း တင်ဆက်မှု ကောင်းပြီး ကြော်ငြာတွေ စုံလို့ ပရိသတ်က ကြိုက်တယ်။ ကြော်ငြာရှင် တွေကတော့ ကြော်ငြာကို mouse click အကြိမ်နဲ့ပဲ တွက်ချက်ပြီး ကြော်ငြာခ ပေးရတာ ဖြစ်လို့ ကြော်ငြာရတာ တန်တယ် ထင်ကြတယ်။

google ကလည်း အတော် နယ်ချဲ့လာပါတယ်။ ကြော်ငြာတွေကို mouse click နဲ့ မဟုတ်ဘဲ ၀င်ကြည့်တဲ့ အကြိမ်နဲ့သာ ကြော်ငြာခ ယူတာမျိုး ဆောင်ရွက်ပေးတဲ့ DoubleClick ကုမ္ပဏီနဲ့လည်း စကားပြောနေပါတယ်။ ဒေါ်လာ ၃.၁ ဘီလျံနဲ့ ၀ယ်ဖို့ပါ။ ရေဒီယို ကြော်ငြာလောကနဲ့ စာနယ်ဇင်း ကြော်ငြာလောက ကိုပါ ထိုးဖောက် လာနေတာလည်း တွေ့ရပါတယ်။

Yahoo နဲ့ MSN တို့ကလည်း လိုက်ပြိုင်ဖို့ ကြိုးစားကြတာပါပဲ။ DoubleClick ကို ဈေးပြိုင်ပေးဖို့ ကြိုးစား ခဲ့ကြသလိုပဲ You Tube ကိုလည်း ဈေးပြိုင်ဝင်ပေးခဲ့ကြပါတယ်။ သို့သော် google လောက် မပေးနိုင်ကြလို့ အကြောခံလိုက်ကြရပါတယ်။ ဖေဖော်ဝါရီတုန်းကတော့ Yahoo ဟာ Panama လို့ ကြိုးစားပါတယ်။ သို့သော် ကြော်ငြာရှင်တွေက သိပ်ပြီး စိတ်မ၀င်စားကြပါဘူး။ google မှာက ပရိသတ် ပိုများများလည်း ရတယ်။ ပြီးတော့ ၀င်ကြည့်သူရှိမှပဲ ကြော်ငြာခ ပေးရတာကိုး။ ဒါကြောင့် Panama ဟာ Yahoo ကို မြှင့်တင်ဖို့ အားမရှိပါဘူး။ အောက်ကို ဆက်ပြီး ပြုတ်မကျအောင်ပဲ ဆွဲထားနိုင်တာပါ။

အခု Yahoo တို့ MSN တို့ AOL တို့ဟာ NBC တို့ (မားဒေါ့ရဲ့) News Corporation တို့လို မူလလက်ဟောင်း မီဒီယာ ကုမ္ပဏီကြီးတွေနဲ့ ချိတ်နေရပါတယ်။ Google က ၀င်မ၀ယ်အောင် လုပ်နေရပါတယ်။ Google က ၀ယ်လိုက်တဲ့ You Tube ဟာ ရုပ်ရှင်၊ ဗီဒီယိုတွေကို အင်တာနက်ပေါ် တင်ပေးနေတဲ့ ကုမ္ပဏီပါ။ အဲဒီ ကုမ္ပဏီက မူပိုင်ခွင့် ချိုးဖောက်တယ် ဆိုပြီး Viacom က တရားစွဲဆိုထားပါတယ်။ အဲဒီလို Google ရဲ့ ရန်သူဖြစ်သွားတဲ့ Viacom ကို Yahoo! က မိတ်ဆွေဖွဲ့ထားပါတယ်။ သတင်းစာ ထုတ်ဝေသူများ အဖွဲ့နဲ့လည်း သူတို့ သတင်းစာတွေက သတင်းတွေ Yahoo မှာ တင်ဖို့ ညှိနေပါတယ်။ ကြောငြာတွေလဲဖို့လည်း ညှိနေရပါတယ်။

Yahoo က ဒီလို ပြန်တိုက်နိုင်သလောက် တိုက်နေပေမယ့် မိုက်ကရိုဆော့ဖ်ရဲ့ MSN ကတော့ ခပ်ယဲ့ယဲ့ပဲ ကျန်ပါတယ်။ တကယ်တော့ MSN ဟာ မိုက်ကရိုဆော့ဖ် ကုမ္ပဏီကြီးအတွက် ရေတစ်ပေါက်စာမျှလောက်သာ ရှိတာပါ။ သို့သော် ဂုဏ်သိက္ခာအတွက် အရေးကြီးပါတယ်။ ဒီ Search Engine တွေနဲ့ ပတ်သက်လို့ ဆန်းစစ် အကဲဖြတ်လေ့ရှိတဲ့ (Goldman Sachs ကုမ္ပဏီကြီးရဲ့) Sarah Friar ကတော့ နောင် သုံးနှစ်တာ ခရီးကို ဒီလို ခန့်မှန်းပါတယ်။ Google ဒီနှစ် အမြတ် ဒေါ်လာ ၅ ဘီလျံ၊ နောင်သုံးနှစ်မှာ တိုးပွားကိန်း ၃၆%၊ Yahoo! က ၃ ဘီလျံနဲ့ ၂၀%၊ MSN ကတော့ ၂ ဘီလျံ အရှုံးနဲ့ ဆက်ပြီး ပိုပိုရှုံးမယ်တဲ့။ Microsoft ရဲ့ အဓိက ၀င်ငွေလမ်းကြောင်း ဖြစ်တဲ့ ဆော့ဖ်ဝဲ ထုတ်လုပ်ရောင်းချရေး လုပ်ငန်းကလည်း ဈေးကွက် ကျဉ်းကျဉ်းလာတဲ့အပြင် Google ကလည်း ၀င်တိုက်လာပြီတဲ့။

Google မှာလည်း အားလျော့ကွက်တွေတော့ ရှိတာပါပဲ။ ကြောငြာဝင်ငွေဟာ မူသစ်အရ ၆၀% ပဲ အဖတ်တင်မှာ ဖြစ်ပြီး တစ်ခြား blog တွေမှာပါ ခွဲတင်ပေးရလို့ ၁၀-၂၀% လောက် ထပ်လျော့နိုင်တယ်လို့ ဆိုပါတယ်။ အပြိုင်အဆိုင်များတဲ့ နယ်ပယ်ဆိုတော့ တစ်ဦးတည်း မူပိုင်တော့ ကိုင်ထားလို့ မရပါဘူး။

0 comments:

Template by : kendhin x-template.blogspot.com