Friday, January 4, 2008

၂ဝဝ၈ အတွက် မြန်မာနိုင်ငံ ဟောစာတမ်း

ဘီဘီစီ မြန်မာဌာနက ဒီနှစ်အတွက် မြန်မာနိုင်ငံဟောစာတမ်းကို နှစ်ဆန်း တစ်ရက်နေ့မနက်ခင်းမှာ နောက်တစ်ကြိမ် ထုတ်လွှင့်လိုက်လေရဲ့။ ဗေဒင်ဆရာတွေပြေါတဲ့ မြန်မာ့နိုင်ငံရေး အနာဂတ် အခြေအနေများပေါ့ ခင်ဗျာ။ သူတို့တွက်ချက်တွေက ဒီလိုပါ။

မြန်မာနိုင်ငံက ဆရာဒေါင်းစင်္ကြာ
၂ဝဝ၈ နိုဝင်ဘာ ၁၆ ရက်နေ့ လမ်းပြမြေပုံက ပြိုကွဲမယ်။
ဒီဇင်ဘာ ၁ဝ ဟာ ဗိုလ်ချုပ်မြှးကြီးရဲ့ နောက်ဆုံးနေ့ဖြစ်တယ်။

အမေရိကန်အခြေစိုက် ဆရာမင်းဟိန္ဒြ
၂ဝဝ၈ သြဂုတ်လမှာ စစ်အစိုးရက အာဏာလက်လွှတ်ရမယ်။

ထိုင်းနိုင်ငံအခြေစိုက် ဝေဒသုတေသီဦးထွန်းကျော်
ဇူလိုင်နောက်ပိုင်း အုပ်ချုပ်သူအပြေါင်းအလဲဖြစ်နိုင်၊ သွေးချောင်းစီးတာတော့ မဖြစ်ဘူး။

အင်္ဂလန်ရောက် မြန်မာပညာရှင်တစ်ဦး
နှစ်ဘက်ခေါင်းဆောင်များ ဆွေးနွေးကြမယ်၊ ဆွေးနွေးပွဲကတော့ အောင်မြင်မှုရမယ်မဟုတ်။
သံဃာတော်တွေနဲ့ နိုင်ငံတော်အစိုးရတို့ နောက်တစ်ကြိမ် ထိပ်တိုက်ဆုံဦးမယ်။ ၇ လပိုင်း သို့မဟုတ် ၈ လပိုင်းမှာဖြစ်မယ်။ အစိုးရက အာဏာစွန့်ရမယ်။

ဒါကတော့ ဘီဘီစီကဆက်သွယ်ခဲ့တဲ့ ဆရာကြီးများရဲ့ တွက်ချက်တွေ့ရှိမှုတွေပါ။


ရှေးတုန်းက ဝေဒပညာရှင်၊ ဗေဒင်ပညာရှင်များကလည်း အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး မြန်မာနိုင်ငံသစ်တည်ထောင်တဲ့အချိန်မှာ မင်္ဂလာအရှိဆုံးအချိန်ကို ရွေးချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ မနက် ၄ နာရီ ၂ဝ မိနစ် ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး မြန်မာပြည်မွေးဖွားခဲ့တာ သဘက်ခါဆိုရင် နှစ်ပေါင်း ၆ဝ ပြည့်ပါပြီ။ နှစ် ၆ဝ အတွင်း မြန်မာပြည်လည်း ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ပါပြီ။ ရှေးဆရာကြီးများ အချိန်ရွေးမှားခဲ့တာ ဖြစ်နိုင်ပါတယ်။ မမှားဘူးဆိုရင်လည်း သူတို့ခမျာ နိုင်ငံရေးသမားတွေ သတ်မှတ်ပေးတဲ့ ရက်ထဲက အကောင်းဆုံးအချိန် ဆိုပြီး မနက် ၄ နာရီ ၂ဝ မိနစ်ကို ရွေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဗေဒင်ဆရာများကတော့ ၁၉၄၈ ခုနှစ်ထဲက အကောင်းဆုံးရက်တစ်ရက်ကို သူတို့စိတ်ကြိုက် ရွေးခွင့်ရှိခဲ့မယ်ဆိုရင်တော့ မြန်မာပြည်ဟာ ဒီလောက်အခြေအနေဆိုးခဲ့မယ်မဟုတ်ဘူးလို့ ပြောကြမယ်ထင်ပါတယ်။

0 comments:

Template by : kendhin x-template.blogspot.com