Friday, January 11, 2008

ရွှေဈေး အမြင့်ဆုံး စံချိန်တင်

နိုင်ငံတကာ ဈေးကွက်တွင် ရွှေတအောင်စ (၈၆၂) ဒေါ်လာ ရောက်ရှိသွားသကဲ့သို့ ရန်ကုန် ရွှေဈေးကွက်၌လည်း အကယ်ဒမီ ခေါက်ရွှေ တကျပ်သား (၅၇၃,၅၀၀) ကျပ်အထိ စံချိန်တင် မြင့်တက်သွားပြီး အရောင်းအ၀ယ်အားလုံး အေးကုန်ကြောင်း ရွှေဘုံသာလမ်း ရွှေဈေးကွက်မှ စုံစမ်းသိရှိရသည်။
Ref : Irrawaddy Magazine

ရွှေကုန်သည်တဦးက “မနေ့က ရွှေဈေးဟာ မကြုံဖူးလောက်အောင် အတက်ကြမ်းတယ်။ နေ့လယ် တုန်းကဆို တကျပ်သား (၅၇၀,၀၀၀) အောက်ကနေ နာရီပိုင်းအတွင်း (၅၇၃,၅၀၀) အထိ ရောက် သွားတယ်၊ ဒါတောင် အ၀ယ်ပဲ ရှိတယ်။ ရောင်းတဲ့လူ မရှိဘူး၊ ရွှေဈေး ဘယ်လောက်အထိ ဆက် တက်မလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ ထုတ်မရောင်းရဲကြဘူး၊ အရောင်းအ၀ယ်တွေ ရပ်သလို ဖြစ်သွားတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ခေါက်ရွှေဈေး မြင့်တက်သွားသောကြောင့် လက်လီ ဈေးကွက်မှ (၁၅) ပဲရည်၊ (၁၄) ပဲရည် ရွှေဈေးနှုန်းများလည်း မြင့်တက်ခဲ့ပြီး လက်လီအရောင်းဆိုင်များတွင် ရွှေအရောင်း အလွန် ပါးသွားကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

ရွှေဘုံသာလမ်း ရွှေဈေးကွက်အတွင်း သက်ဆိုင်ရာ ရဲနှင့် အရပ်ဝတ် စသုံးလုံးများက ရွှေဈေးနှုန်း များကို လာရောက်စုံစမ်းထောက်လှမ်းကြသော်လည်း တစုံတရာ အရေးယူမှုမရှိကြောင်း၊ မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းကလည်း ၀င်ရောက် ဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာအတွင်း ခေါက်ရွှေ တကျပ်သား (၅၅၆,၀၀၀) ကျပ် ဈေးပေါက်ခဲ့စဉ်က ရန်ကုန် တိုင်း တိုင်းမှူး၏ ဖိအားပေးချက်အရ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက သိန်းရာချီ တန်ဖိုး ရှိသည့် ခေါက်ရွှေများကို ဈေးကွက်အတွင်း အရှုံးခံကာ ရောင်းချပေးခဲ့သည့်အတွက် ဒီဇင်ဘာ လဆန်းပိုင်းတွင် ခေါက်ရွှေ တကျပ်သား ကျပ် (၅၄၀,၀၀၀) သို့ ကျဆင်းသွားခဲ့ဖူးကြောင်း အဆိုပါ အသင်းမှ အမှုဆောင်တဦးက ပြောသည်။

၎င်းက “ကျနော်တို့က တိုင်းမှူးကို ရွှေဈေးနှုန်းတွေ အချိန်နဲ့တပြေးညီ သတင်းပို့နေရတယ်၊ ကမ္ဘာ့ ရွှေဈေးတက်လို့ လိုက်တက်နေတယ်ဆိုတဲ့ အကြောင်းပေါ့။ ဒီလိုမှ မဟုတ်ရင် အရင်ကလို ရွှေဈေး တက်တာနဲ့ ရွှေကုန်သည်တွေကို ဖမ်းတာမျိုး လုပ်တတ်လွန်းလို့ စိုးရိမ်ရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ရွှေဈေးကွက်တွင် ၂၀၀၇ ခု ဇန်န၀ါရီတွင် ခေါက်ရွှေ တကျပ်သား (၄၄၀,၀၀၀) ကျပ်
သာ ရှိခဲ့သည်။ စက်တင်ဘာလဆန်းတွင် (၅၃၀,၀၀၀) နီးပါးအထိ မြင့်တက်လာပြီး ဒီဇင်ဘာ အရောက်တွင် (၅၅၀,၀၀၀) အထိ ရောက်ရှိလာကာ ယခု တကျပ်သား ကျပ် (၅၇၃,၅၀၀) နှုန်းကို စံချိန်တင်ရောက်ရှိလာခြင်း ဖြစ်သည်။ ။

0 comments:

Template by : kendhin x-template.blogspot.com