Showing posts with label စားဝတ်နေရေး. Show all posts
Showing posts with label စားဝတ်နေရေး. Show all posts

Tuesday, July 22, 2008

နာဂစ်မုန်တိုင်းကြောင့် ငွေဖောင်းပွမှု (၄၀) ရာနှုန်းကျော်နိုင်

via MSMA by makutarama on 7/22/08
22-07-2008

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှု နှုန်းမှာ ၂၀၀၇ ခုတွင် (၃၄) ရာနှုန်းရှိရာမှ ၂၀၀၈ ခုတွင် (၄၀) ရာနှုန်းထိ ထောင်တက်သွားနိုင်ပြီး မြန်မာ စီးပွားရေးအတွက် စိုးရိမ်ဖွယ် အခြေအနေမှာ ဆက်လက်ရှိနေမည်ဟု ဇူလိုင် (၂၁) ရက်နေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (PONJA) အစီရင်ခံစာက ထောက်ပြထားသည်။

သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး ကာလများတွင် ငွေဖောင်းပွမှုနှုန်းပါ တွဲပါလာတတ် သည့် သာဓကအများအပြားရှိခဲ့သည်။ ဆူနာမီဘေးထိ ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ အာချဲပြည်နယ်ဆိုလျှင် ဆူနာမီမတိုင်မီက ငွေဖောင်းပွမှုနှုန်း (၇) ရာနှုန်းကနေ ပြန်လည်ထူထောင်ရေးကာလတွင် ငွေဖောင်းပွမှု (၄၀) ရာနှုန်းထိ တက်သွားသည်ဟု အစီရင် ခံစာက ထောက်ပြထားသည်။ သို့သော် အမှန်တကယ် ငွေဖောင်းပွမှုနှုန်းက (၄၀) ရာနှုန်းထက် ပိုများနိုင်သည်ဟု မြန်မာစီးပွားရေး ပညာရှင်များက မှန်းထားသည်။

PONJA အစီရင်ခံစာအရဆိုလျှင် မြန်မာနိုင်ငံ ငွေဖောင်းပွမှုနှုန်းသည် နာဂစ်ပြန်လည် ထူထောင်ရေး အစီအစဉ်၊ လုပ်ကိုင်ပုံအနေထား၊ လိုအပ်ချက်တွေ ပြည့်မီအောင် ဖြည့်ဆည်းမှုအတိုင်းအတာပေါ် မူတည်၍ ထပ်တက်လာနိုင်သည်ဟု ဆိုသည်။

မုန်တိုင်းတိုက်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပျက်စီးမှု၊ ဈေးကွက်များ၊ သိုလှောင်ရိက္ခာ ပျက်စီးမှု၊ အသက်ဆုံးရှုံးမှုတို့ကြောင့် လက်ရှိငွေဖောင်းပွမှုနှုန်းကို တိုးမြင့်စေသကဲ့သို့ ကုန်စည် ဖြန့်ဖြူးရေးကိုလည်း ထိခိုက်စေနိုင်သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

မုန်တိုင်းထိသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စသည်နှင့် လုပ်အားလို လာခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ပိုမိုလိုလာခြင်း စသည့်အချက်များကြောင့် လည်း ငွေဖောင်းပွမှုကို ထပ်မံမြင့်တက်စေသည့် အကြောင်းတရားများဖြစ်သည်ဟုပါ အစီရင် ခံစာတွင် ထောက်ပြထားသည်။
(NEJ)

Read More......

Saturday, July 19, 2008

လောင်စာဆီဈေးမြင့်မှု ငါးဖမ်းလှေလုပ်သားများ အခက်ကြုံ



New Era Journalပီတာအောင်/ ၁၇ ဇူလိုင် ၂၀၀၈
line

ship
ရနောင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ငါးဖမ်းလှေများ

လောင်စာဆီဈေးကြီးမြင့်မှုနှင့် သားငါးရှားပါးမှုတို့ကြောင့် ထိုင်းနိုင်ငံရှိ မြန်မာငါးဖမ်းလှေ အလုပ် သမားများ အလုပ်အကိုင် ရှားပါးပြီး ၀င်ငွေနည်းပါးမှုနှင့် ကြုံတွေ့နေရကြောင်း ငါးဖမ်းလုပ်သား များက ပြောသည်။

ရနောင်းခရိုင်အတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ငါးဖမ်းလှေများအနက်
ထက်ဝက်ခန့်သာ လုပ်ငန်းလည်ပတ်နိုင်တော့သည်ဟု ခရိုင်ငါးဖမ်းလုပ်ငန်းအသင်းနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက“ထိုင်းဘက်မှာ ဆီဈေးကြီးလို့ မလေးရှားဘက်က တင်သွင်းတဲ့ သက်သာတဲ့ဈေးနဲ့ ရတဲ့ ဆီကို အသုံးပြုပြီးတော့ လုပ်နေကြတာပဲ။ ဒါပေမယ့် ဒီဆီက တင်သွင်းတာ အများကြီးရတာမှ မဟုတ်ဘဲ။ ငါးလှေ စုစုပေါင်း (၂,၀၀၀) လောက် ရှိတဲ့အထဲမှာ လှေအစီး (၇၀၀) လောက်ကိုပဲဖြန့်နိုင်တယ်။ အရင်ထက်နှိုင်းယှဉ်ရင် လုပ်ငန်းက (၅၀) ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နိုင် တော့တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ ဖန်ငခရိုင်၌ ငါးဖမ်းထွက်သည့်လှေ ရှားပါးနေပြီး လှေလိုက်လိုသူ များပြားနေသဖြင့် အလုပ်ရရန် ခက်ခဲနေကြောင်းနှင့် မိသားစုရှိသူ မြန်မာအလုပ်သမားများမှာ စားဝတ်နေရေး အကျပ်အတည်း တွေ့နေရကြောင်း ဖန်ငတွင် နေထိုင်သည့် လှေလိုက်ရန် စောင့်ဆိုင်းနေသူ မြန်မာအလုပ်သမားတဦးက ပြောသည်။

မဟာချိုင်မှ ထားဝယ်လူမျိုး လှေလုပ်သားတဦးကလည်း “ကျနော်လုပ်နေတာ (၁၈) နှစ်လောက် ရှိသွားပြီ။ အရင်တုန်းကနဲ့စာရင် ခုလက်ရှိအခြေအနေမှာ အရင်လို မကောင်းဘူး။ အရင်တုန်း ကတော့ ပိုက်ဆံ တလတကြိမ် ရှင်းတယ်။ အခုတော့ (၂) လတကြိမ် ရှင်းတဲ့အခါရှင်း၊ (၃) လ တကြိမ် ရှင်းတဲ့အခါမှ ရှင်းတယ်။ ရတဲ့ပိုက်ဆံက အရင်တုန်းက ပျမ်းမျှ တလကို (၆,၀၀၀)၊ (၇,၀၀၀) ဒီလို ရတယ်လေ။ အခုက (၄,၀၀၀)၊ (၄,၅၀၀) ဆိုတာ အလွန်ဆုံးပဲ” ဟုပြောသည်။

ငါးဖမ်းလှေများ အထွက်နည်းသွားရသည့် အကြောင်းရင်းသည် ဆီဈေးမြင့်တက်မှုကြောင့် တခု တည်းမဟုတ်ဘဲ ငါးမျိုးတုံးသွား၍ဖြစ်ကြောင်း၊ အထူးသဖြင့် ဆူနာမိဖြစ်ပြီးသည့်နောက် ရာသီ အလိုက် ရှိနေတတ်သည့် ငါးများသည် နေရာပြောင်းရွှေ့သွားပြီး ငါးရှာရ အလွန်ခက်ခဲကြောင်း ဖန်ငရှိ ငါးဖမ်းလုပ်ငန်းအတွေ့အကြုံ (၁၅) နှစ်ခန့်ရှိသူတဦးက ပြောသည်။

ငါးဖမ်းလှေများ မထွက်နိုင်တော့သည့်အတွက် ရေလုပ်ငန်းမှီ၍ အလုပ်လုပ်ကိုင်နေသည့် အလုပ် သမားတချို့သည် ရာဘာခြစ်သည့်လုပ်ငန်း၊ ဆီအုန်းခြံလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ပန်းရန်လုပ်ငန်း များတွင် သွားရောက် လုပ်ကိုင်နေကြသည်ဟု သိရသည်။

Read More......

Thursday, June 12, 2008

မြန်မာနိုင်ငံ ဆန်ရှားတော့မည်ဆိုသည့်ကိစ္စအပေါ် စစ်အစိုးရနှင့် ကုလကြား အငြင်းပွား

MSMA - NEJ/ ၁၁ ဇွန် ၂၀၀၈
မြန်မာနိုင်ငံမှာ ဆန်ရှားတော့မည်ဆိုသည့်ကိစ္စကို စစ်အစိုးရဘက်က ငြင်းဆိုသော်လည်း ရန်ကုန် ဆန်ဈေးကွက် ထိပ်စဆန်ဈေးက (၂) နှစ်အတွင်း ရာခိုင်နှုန်း (၁၀၀) ကျော်ထိ ခုန်တက်သွား သည်ဟု ရန်ကုန် ဆန်ကုန်သည်များက ပြောသည်။

ဧရာဝတီတိုင်းမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့်လယ်များ ယခုနှစ် မိုးစပါးစိုက်ပျိုးရန် မဖြစ်နိုင်တော့သည့်အတွက် ဧရာဝတီတိုင်းမှာ နောက်တနှစ်ထိ စားနပ်ရိက္ခာ အကူအညီ
လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးပြီး မကြာခင် စစ်အစိုးရ၀န်ကြီး ဦးစိုးသာက ယခုကဲ့သို့ ပြန်လည်ချေပ ပြောဆိုခြင်းဖြစ်သည်။

ဧရာဝတီတိုင်း စပါးစိုက်ဧက (၃) သန်းကျော်အနက် မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသည့် စပါးစိုက်ဧက (၁၆) ရာနှုန်းရှိပြီး ယခုနှစ် မိုးစပါးအမီ စပါးစိုက်ရန် မဖြစ်နိုင်တော့ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (FAO) က ပြောသော်လည်း ဧရာဝတီတိုင်း စပါးစိုက်ဧက မည်မျှပျက်စီးသည် ကိုမူ ၀န်ကြီး ဦးစိုးသာက ထုတ်ပြောခဲ့ခြင်းမရှိပေ။

ရန်ကုန် ဆန်ဈေးကွက်တွင် ပေါ်ဆန်းတအိတ်ကို ကျပ် (၃) သောင်းခွဲဝန်းကျင် ပေါက်နေ သည့်အတွက် လွန်ခဲ့သည့် (၂) နှစ် ယခုလဈေးထက် (၁၁၈) ရာခိုင်နှုန်းထိ ခုန်တက်သွား ခြင်းဖြစ်သည်။ ဆန်ကြမ်းဈေးကလည်း (၂) နှစ်အတွင်း (၅၀) ရာနှုန်းကျော် တက်သွားသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ပြောခွင့်ရသူတဦးက ယခင်က ရန်ကုန်သို့ ဆန်အ၀င်များသည့် ဧရာဝတီတိုင်းမှ ဆန်များ မ၀င်ရောက်နိုင်ကြောင်း
ဝန်ခံပြောဆိုသည်။

ဧရာဝတီတိုင်းမှာ မိုးစပါးလက်ကျန် နည်းသည့်အချက်၊ စစ်တပ်က တပ်ရိက္ခာစပါး အများအပြား
ဝယ်သည့်အချက်၊ မိုးစပါးပြတ်သွားသည့်အချက်၊ နှစ်တိုင်း ဆည်ရေသောက်စပါးနှင့် ဖူလုံနေသည့် စစ်ကိုင်းတိုင်းမှာ စပါးပြတ်သွားသဖြင့် အောက်ပြည်ကဆန် ၀ယ်စားနေရသည့် အချက်များမှာ မြန်မာနိုင်ငံ ပြည်တွင်း ဆန်ဈေးတက်ခြင်း၏ အဓိကအကြောင်းတရားများ ဖြစ်သည်ဟု ရန်ကုန် ဆန်ကုန်သည်ကြီးတဦးက ပြောသည်။

အထူးသဖြင့် ဧရာဝတီမှ ဆန်အ၀င်နည်းတိုင်း ရန်ကုန်မှာ ဆန်ဈေးမြောက်လေ့ရှိသည်။ ယခု ရန်ကုန်ပေါ်ဆန်းဈေး (၂) နှစ်အတွင်း (၁၁၈) ရာခိုင်နှုန်းထိတက်ခြင်းမှာ စံချိန်ဖြစ်သည်။
သို့သော် ရန်ကုန်မှာ ဆန်ဈေးတက်တိုင်း စစ်အစိုးရက ဈေးကွက်နှင့် မပတ်သက်သည့်
ကိစ္စများကို စွပ်စွဲခဲ့ဘူးသည်။

ရန်ကုန်မှာ ဆန်ဈေးတက်နေခြင်းသည် ပြည်ပမီဒီယာများ နိုင်ငံရေး ထိုးနှက်ချက်များကြောင့် ဖြစ်သည်ဆိုပြီး ၂၀၀၆ ခုနှစ်၌ မြန်မာနိုင်ငံ ဆန်စပါး လက်ကားကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးနဲ့အဖွဲ့က စွပ်စွဲပြောဆိုခဲ့သည်။ ထိုအချက်ကို ဆန်ကုန်သည်များက လက်မခံခဲ့ပေ။

စစ်အစိုးရ ၀န်ကြီး ဦးစိုးသာက မြန်မာနိုင်ငံမှာ မုန်တိုင်းလွန်ကာလ ဆန်ရှားပါးမှုမဖြစ်နိုင်ဟု ပြောနေချိန်တွင် ဧရာဝတီတိုင်းမှာ မိုးစပါး မစိုက်နိုင်ဖြစ်နေသည်။ ဇူလိုင်လကုန်ထိ စပါးပျိုး ထောင်မှု ပြီးပြတ်အောင်မလုပ်နိုင်လျှင် ဆန်အထွက် အကြီးအကျယ် ထိခိုက်ပြီး နောက်ဆုံး မြန်မာနိုင်ငံ၏ ဆန်ဖူလုံမှုပြဿနာကိုပါ တဖြည်းဖြည်း ထိခိုက်စေမှာဖြစ်သည်ဟု ဘန်ကောက် အခြေစိုက် FAO ဒေသဆိုင်ရာ ဒုတိယ ဌာနေကိုယ်စားလှယ် Hiroyuki Konuma ကလည်း သတိပေးထားသည်။ ။

Read More......

Saturday, May 31, 2008

ပင်လယ် ငါးဖမ်း လုပ်ငန်းများ မေလအကုန် စတင်နိုင်ရန် ပြင်ဆင် လျက်ရှိ

Khitlunge 31/May/2008
နာဂစ်လေပြင်းမုန်တိုင်း ဒဏ်အထိနာခဲ့သည့် အထဲတွင် ပင်လယ်ငါးဖမ်းလုပ်ငန်းသည် လည်းပါဝင်ပါသည်။ ငါးသားပေါက်ရာသီ ဖြစ်သောကြောင့် ငါးဖမ်းသင်္ဘောများမေလမှ ဇူလိုင်လကုန်အထိ ငါးဖမ်းနားရန်အတွက် ယခုနှစ်မှစပြီး သတ်မှတ် ထားပါသည်။ ပင်လယ်ငါးဖမ်းလှေ (သင်္ဘော ၊ မော်တော်) များအားလုံးဧပြီလ ကုန်တွင်ဆိပ်ကမ်းသို့ ပြန်ကပ်ထားသည်။“ ပြန်ကပ်ထားတဲ့ လှေတွေကပိုပြီး အဆုံးအရှုံးများတယ်။ နစ်တာနစ်၊ ကမ်းပေါ်တင်တာတင်ဖြစ်ကြတယ်။ ပင်လယ်ထဲ ရောက်နေတဲ့ လှေတွေက လှိုင်းနဲ့အလိုက် သင့်မျောနေလို့ အဆုံးအရှုံးပိုနည်းတယ်” လို့ ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးထွန်းထွန်းက ပြောပြပါသည်။ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဒေသ များတွင် စက်လှေအစီး ရေခုနှစ်ရာကျော် (၇၂၁) စီးနစ်မြှုပ်ပြီး စီးရေနှစ်ထောင်ခန့် (၁၇၂၁စီး) ပျက်စီးကြောင်းသိရှိရသည်။ ပင်လယ် ငါးဖမ်းရေးလုပ်ငန်းများအား ဧရာဝတီတိုင်းတွင် အလုံးအရင်းနှင့် လုပ်ကိုင်နေကြပါသည်။ လေပြင်းမုန်တိုင်းကြောင့် ပင်လယ်ငါးဖမ်းလှေတွေနစ်တာနစ်၊ ကုန်ပေါ်တင်တာတင်ဖြစ်ကုန်ကြသည်။ ကမ်းနားတွင်အကောင်းပကတိ ကျန်ရှိသောလှေ နည်းသည်။ ရေထဲတွင် မြုပ်နေသောလှေများ စက်တွေရေငန်ဝင်ပြီး အပျက်အစီးရှိပါသည်။ စက်လှေပိုင်ရှင်များ စုပေါင်းပြီးရေငုပ်အဖွဲ့များအား ပျောက်ဆုံးနစ်မြုပ်နေသော လှေများပြန်လည်ရှာဖွေဖော်ယူပေးဖို့ အပ်နှံထားသည်။ လှေတစ်စီးကို ကျပ်သိန်း၇၀၀ကျော်ခန့် တန်ကြေးရှိပြီး ဖော်ခအဖြစ် လှေအရွယ်အစားကို လိုက်၍်ကျပ်၁၅သိန်း၊ သိန်း၃၀၊ သိန်း၆၀ ပေးရသည်။ ဖော်ပြီးလျှင် ကုန်ပေါ်ဆွဲတင်ပြီး လှေကြံ့ခိုင်ရေးလုပ်ကြသည်။ ပင်လယ်ဒီလှိုင်း ရိုက်ပုတ်သယ်ဆောင်သွား၍ ကုန်းပေါ်သို့ တစ်မိုင်နှစ်မိုင်အထိ တင်နေသော စက်လှေများကိုလည်း တူးမြောင်းတူးဖော်ပြီးရေထဲပြန်ချဖို့ လုပ်နေကြတာတွေ့ရပါသည်။ “သင်္ဘောဖေါ်ပြီးရင် ပင်လယ်ပြင်ကို ပြန်ထွက်ရမှာဖြစ်လို့ ကိုယ်ထည့်ကြံ့ခိုင်မှု ပြန်စစ်ရမယ်။ အင်ဂျင်တွေပြန်ပြင်ရမယ်” လို့ စက်လှေ ပိုင်ရှင်ဦးထွန်းထွန်းထွေးကပြောပြကြောင်း ၂၀၀၈ခုနှစ်မေလ ၃၀ရက်နေ့ထုတ် မော်ဒန်သတင်း ဂျာနယ်တွင်ဖော်ပြထားပါသည်။

Read More......

Tuesday, April 22, 2008

ဈေးသက်သာသည့် မြန်မာဆန်များ မဲဆောက်တွင် အ၀ယ်လိုက်

Ref NEJ/ ၂၁ ဧပြီ ၂၀၀၈
line

rice
မြန်မာနိုင်ငံမှ တရားမ၀င် နည်းလမ်းဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တင်သွင်းသည့် မြန်မာဆန်များ

မြန်မာနိုင်ငံမှ ဆန်များကို တရားမဝင် နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုအား ကန့်သတ်ထားသော်လည်း မြန်မာဆန်များ ကားတန်း တရက်ခြား အိတ် (၆ဝဝ) ခန့်
မဲဆောက်သို့ ၀င်ရောက်လျက်ရှိသည်။

ယခုလဆန်းမှ စတင်ကာ ထိုင်းနိုင်ငံတွင် ဆန်ဈေး အဆမတန် ထိုးတက်သွားသောကြောင့် မြန်မာနိုင်ငံမှ ဆန်များကို မြန်မာကုန်သည်များက မဲဆောက်ဒေသအတွင်းသို့ တရားမဝင်
လမ်းကြောင်းမှ တင်သွင်းနေသည်။

ထိုင်းဆန်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာသောကြောင့် ဒေသတွင်း၌ လူဦးရေ (၁) သိန်း ကျော်ခန့်ရှိသည့် မြန်မာအလုပ်သမားများအနက် အများစုက ဈေးသက်သာသော မြန်မာဆန်ကို ဝယ်ယူစားသုံးသောကြောင့် တင်သွင်းခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တဦးက ပြောသည်။

၎င်းက "ထိုင်းဆန်အကောင်းစား ကီလို (၅၀) ဝင် တအိတ်ကို အရင်က ဘတ် (၁,ဝဝဝ) ပဲ ပေးရတယ်။ အခု (၁,၅၅ဝ) ဖြစ်သွားပြီ။ ဆန်ကြမ်းကအစ အဲလိုတက်သွားတော့ ဒီမှာရှိတဲ့ မြန်မာတွေအတွက် အခက်အခဲရှိတယ်။ မြန်မာပေါ်ဆန်းမွှေးက တအိတ် ဘတ် (၁,ဝဝဝ) ထက်မပိုတော့ မြန်မာဆန်ကိုပဲ ပြောင်းစားကြတယ်" ဟု ပြောသည်။

လက်ရှိ မဲဆောက်သို့ တင်သွင်းနေသည့် ကြာနီ၊ ရွှေနေကြာ၊ ထူး၊ အောင်သပြေ အမှတ်တံဆိပ် မြန်မာဆန်များမှာ ရန်ကုန် ဘုရင့်နောင်ဈေးမှ မြဝတီသို့ တရက်ခြား အိတ် (၆ဝဝ) ခန့်ရောက်ရှိပြီး ညဘက် လူခြေတိတ်ချိန်တွင် နှစ်ဘက်အာဏာပိုင်များအား ပေးကမ်းကာ မဲဆောက်ဘက်သို့ ခိုးသယ်ရကြောင်း အဆိုပါကုန်သည်က ပြောသည်။

မဲဆောက် မယ်ပအထည်ချုပ်စက်ရုံမှ အလုပ်သမ မသင်းသင်းက "အရင်က ထိုင်းဆန်ပဲစားတယ်။ အခုတော့ ဈေးတော်တဲ့ မြန်မာဆန်ကို ပြောင်းစားရတယ်။ ကိုယ်ရတာက တနေ့ ဘတ် (၇ဝ) ပဲ ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဆန်အပြင် တခြားစားသောက်ကုန်တွေလည်း လိုက်တက်လာ
ပြီ။ ဒီဝင်ငွေနဲ့ ရေရှည် ဘယ်လိုနေရမလဲ မသိသေးဘူး" ဟု ပြောသည်။

မဲဆောက်မြို့တွင် ထိုင်းဆန် အကောင်းစားတပုံး (၅၅ဝ) ဘတ်နှင့် ဆန်ကြမ်း (၃၆ဝ) ဘတ်ခန့် ဈေးပေါက်ပြီး ဖျာပုံပေါ်ဆန်းမွှေး တပုံး (၃၄ဝ) ၊ ကမာကြည် (၂၈ဝ)၊ ပေါ်ကျွဲ (၂၈ဝ) နှင့် ၁၅
မှတ် ဆန် (၂၅ဝ) ဘတ် စသဖြင့် နှုန်းထားအသီးသီးဖြင့် ရောင်းချလျက်ရှိသည်။

စက်ရုံတွင် မုန့်ဟင်းခါးရောင်းသည့် ဒေါ်စိန်က "အရင်က မုန့်ဟင်းခါးတပွဲကို (၅) ဘတ်နဲ့ ရောင်း တယ်။ အခု တပွဲ (၁၀) ရောင်းမှ ကိုက်တော့မယ်။ မုန့်ဖတ်က အရင်က တပိဿာ (၁၈) ဘတ်၊ အခု (၂၇) ဘတ်ဖြစ်သွားပြီ။ မဲဆောက်မှာက ကုန်ဈေးနှုန်းပဲတိုးတယ်၊ အလုပ်ရုံမှာ လခမတိုးဘူး။ ဘယ်လိုအခြေအနေတွေ လာဦးမလဲ မသိသေးဘူး" ဟု ပြောသည်။

မြန်မာအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ ၏ တာဝန်ခံ ကိုသံဒုတ်က "ဆန်နဲ့ စားသောက် ကုန်တွေ ဈေးတက်ပြီး လုပ်အားခ မတိုးဘူးဆိုရင်တော့ ရေရှည်မှာ အလုပ်သမား ပြဿနာတွေ ပိုပြီးတိုးပွားလာနိုင်တယ်" ဟု ပြောသည်။

မဲဆောက်ဒေသအတွင်း စက်ရုံအလုပ်ရုံ (၂၈ဝ) ရှိသည့်အနက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် မဲဆောက်ဒေသတွင်း အနိမ့်ဆုံး လုပ်အားခ (၁၄၇) ဘတ် ပေးသည့် စက်ရုံ မှာ ဟန်ထိုင်း သိုးမွှေးစက်ရုံနှင့် တော့ထောင်းအထည်ချုပ်စက်ရုံ (၂) ရုံသာဖြစ်ပြီး ကျန်အလုပ် ရုံများက ဘတ် (၆ဝ) မှ (၇ဝ) အကြားသာ မြန်မာအလုပ်သမားများအား လုပ်အားခပေးကြောင်း သိရှိရသည်။

Read More......

Friday, April 4, 2008

ဈေးပေါသော မြန်မာဆန်ကို စင်ကာပူ အစားထိုးတင်သွင်း

RFA 2008.04.02
ကမႝာ့သီးနှံဈေးတွေ မြင့်တက်လာနေတဲ့အတွက် စင်ကာပူနိုင်ငံဟာ ဈေးကြီးတဲ့ ထိုင်းဆန်အစား ဈေးပေါတဲ့ မြန်မာနိုင်ငံက ဆန်ကိုပြောင်းလဲတင်သွင်းနေပါတယ်။

စင်ကာပူနိုင်ငံက စားသောက်ကုန်လုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေဟာ ထိုင်းဆန်ကို အမှီပြုနေရာက အခုတော့ ဈေးသက်သာတဲ့ မြန်မာဆန်ကို အစားထိုးသုံးစွဲနေကြပါတယ်။ နာမည်ကျော် ဆာဂါ စားသောက်ကုန် ကုမ္ပဏီရဲ့ အမှုဆောင်ညွန်ကြားရေးမှူးက သူတို့ကုမ္ပဏီအနေနဲ့ ဒီဧပြီလအတွင်းမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် (၃၅ဝ) လောက်ဝယ်ယူရလိမ့်မယ်လို့ပြောပါတယ်။ ထိုင်းဆန်နဲ့နှိုင်းယှဉ်ရင် (၅ဝ) ကီလိုဂရမ်တအိတ်ကို စင်ကာပူဒေါ်လာ ၂ဝဝ လောက် သက်သာတယ်လို့ဆိုပါတယ်။

စင်ကာပူရဲ့ အဓိက ဆန်တင်သွင်းရေး ကုမ္ပဏီကြီးဖြစ်တဲ့ ဖဲယားပရိုက်စ် ကလည်း အိန္ဒိယ၊ ဗီယက်နမ် နဲ့ သြစတြေးလျတို့ကနေ ဆန်တွေဝယ်ယူနေတာပါ။ မနှစ်က စင်ကာပူနိုင်ငံဟာ ဆန်တန်ချိန် သုံးသိန်းကျော်တင်သွင်းခဲ့ရာမှာ ၆ဝ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံကနေ ဝယ်ယူတာဖြစ်ပြီး ၃ဝ ရာနှုန်းဟာ အိန္ဒိယနဲ့ ဗီယက်နမ် က လာတာပါ။ ကျန် ၁ဝ ရာခိုင်နှုန်းကို တခြားနိုင်ငံ (၁၅)နိုင်ငံကနေ တင်သွင်း တာ ဖြစ်ပါတယ်။

အခုတော့ စားသောက်ကုန်သီးနှံဈေးတွေ မြင့်တက်လာတဲ့အတွက် စင်ကာပူက စားသောက်ဆိုင် အကြီးတွေရော၊ အသေးတွေပါ ကုန်ကျစရိတ်လျှော့ချဖို့ နည်းလမ်းရှာနေကြတာပါ။ အဲဒီမှာ အရည်အသွေးနိမ့်တဲ့ဆန်တွေကို အစားထိုး သုံးစွဲလာကြပါတယ်။ ဒါပေမဲ့ ထိုင်းဆန်ရဲ့ အနံ့အရသာကို မမီတဲ့အတွက် စားသုံးသူတွေက မကျေနပ်ကြဘူးလို့ သိရပါတယ်။ စားသောက်ဆိုင်တဆိုင်ကတော့ ဈေးပေါတဲ့ဆန်ကို သုံးပတ်လောက်ပဲ သုံးလိုက်ရပြီး ဖောက်သည်ပျက်မှာစိုးတဲ့အတွက် ထိုင်းဆန်ကိုပဲ ပြန်သုံးရတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံမှာ ရာသီဥတုပျက်လို့ ဆန်ဈေးကြီးမြင့်နေရာမှာ စားသုံးသူတွေ သက်သာရေးအတွက် နိုင်ငံ့အရန်ဆန်ထဲကနေ သက်သာဆန် အစီအစဉ်လုပ်ဖို့ ထိုင်းအစိုးရက သဘောတူလိုက်ပါတယ်။ ဒီအစီအစဉ်အရ နိုင်ငံ့ဆန်ထဲက တန်ချိန် နှစ်သန်းကျော်ကို လက်လီပေါက်ဈေးထက် ဈေးသက်သက်သာသာနဲ့ ရောင်းချမှာဖြစ်ပါတယ်။

Read More......

Friday, January 11, 2008

ရွှေဈေး အမြင့်ဆုံး စံချိန်တင်

နိုင်ငံတကာ ဈေးကွက်တွင် ရွှေတအောင်စ (၈၆၂) ဒေါ်လာ ရောက်ရှိသွားသကဲ့သို့ ရန်ကုန် ရွှေဈေးကွက်၌လည်း အကယ်ဒမီ ခေါက်ရွှေ တကျပ်သား (၅၇၃,၅၀၀) ကျပ်အထိ စံချိန်တင် မြင့်တက်သွားပြီး အရောင်းအ၀ယ်အားလုံး အေးကုန်ကြောင်း ရွှေဘုံသာလမ်း ရွှေဈေးကွက်မှ စုံစမ်းသိရှိရသည်။
Ref : Irrawaddy Magazine

ရွှေကုန်သည်တဦးက “မနေ့က ရွှေဈေးဟာ မကြုံဖူးလောက်အောင် အတက်ကြမ်းတယ်။ နေ့လယ် တုန်းကဆို တကျပ်သား (၅၇၀,၀၀၀) အောက်ကနေ နာရီပိုင်းအတွင်း (၅၇၃,၅၀၀) အထိ ရောက် သွားတယ်၊ ဒါတောင် အ၀ယ်ပဲ ရှိတယ်။ ရောင်းတဲ့လူ မရှိဘူး၊ ရွှေဈေး ဘယ်လောက်အထိ ဆက် တက်မလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ ထုတ်မရောင်းရဲကြဘူး၊ အရောင်းအ၀ယ်တွေ ရပ်သလို ဖြစ်သွားတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ခေါက်ရွှေဈေး မြင့်တက်သွားသောကြောင့် လက်လီ ဈေးကွက်မှ (၁၅) ပဲရည်၊ (၁၄) ပဲရည် ရွှေဈေးနှုန်းများလည်း မြင့်တက်ခဲ့ပြီး လက်လီအရောင်းဆိုင်များတွင် ရွှေအရောင်း အလွန် ပါးသွားကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

ရွှေဘုံသာလမ်း ရွှေဈေးကွက်အတွင်း သက်ဆိုင်ရာ ရဲနှင့် အရပ်ဝတ် စသုံးလုံးများက ရွှေဈေးနှုန်း များကို လာရောက်စုံစမ်းထောက်လှမ်းကြသော်လည်း တစုံတရာ အရေးယူမှုမရှိကြောင်း၊ မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းကလည်း ၀င်ရောက် ဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာအတွင်း ခေါက်ရွှေ တကျပ်သား (၅၅၆,၀၀၀) ကျပ် ဈေးပေါက်ခဲ့စဉ်က ရန်ကုန် တိုင်း တိုင်းမှူး၏ ဖိအားပေးချက်အရ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက သိန်းရာချီ တန်ဖိုး ရှိသည့် ခေါက်ရွှေများကို ဈေးကွက်အတွင်း အရှုံးခံကာ ရောင်းချပေးခဲ့သည့်အတွက် ဒီဇင်ဘာ လဆန်းပိုင်းတွင် ခေါက်ရွှေ တကျပ်သား ကျပ် (၅၄၀,၀၀၀) သို့ ကျဆင်းသွားခဲ့ဖူးကြောင်း အဆိုပါ အသင်းမှ အမှုဆောင်တဦးက ပြောသည်။

၎င်းက “ကျနော်တို့က တိုင်းမှူးကို ရွှေဈေးနှုန်းတွေ အချိန်နဲ့တပြေးညီ သတင်းပို့နေရတယ်၊ ကမ္ဘာ့ ရွှေဈေးတက်လို့ လိုက်တက်နေတယ်ဆိုတဲ့ အကြောင်းပေါ့။ ဒီလိုမှ မဟုတ်ရင် အရင်ကလို ရွှေဈေး တက်တာနဲ့ ရွှေကုန်သည်တွေကို ဖမ်းတာမျိုး လုပ်တတ်လွန်းလို့ စိုးရိမ်ရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ရွှေဈေးကွက်တွင် ၂၀၀၇ ခု ဇန်န၀ါရီတွင် ခေါက်ရွှေ တကျပ်သား (၄၄၀,၀၀၀) ကျပ်
သာ ရှိခဲ့သည်။ စက်တင်ဘာလဆန်းတွင် (၅၃၀,၀၀၀) နီးပါးအထိ မြင့်တက်လာပြီး ဒီဇင်ဘာ အရောက်တွင် (၅၅၀,၀၀၀) အထိ ရောက်ရှိလာကာ ယခု တကျပ်သား ကျပ် (၅၇၃,၅၀၀) နှုန်းကို စံချိန်တင်ရောက်ရှိလာခြင်း ဖြစ်သည်။ ။

Read More......

Saturday, December 22, 2007

လူကိုကူးစက်မှုဖြစ်သဖြင့် ကြက်သားစားသုံးမှုလျော့

Ref: NEJ/ ၂၁ ဒီဇင်ဘာ ၂၀၀၇
ကျိုင်းတုံမြို့နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားပြီး လူကိုပါကူးစက်သည့်သတင်း ထွက်ပေါ်ပြီးနောက်ပိုင်း၌ ရန်ကုန်မြို့၌ ကြက်သားစားသုံးမှုလျော့ကျသွားပြီး ဈေးနှုန်း လည်း အနည်းငယ်ကျဆင်းသွားသည်ဟု တာမွေကြက်ဘဲ အရောင်းဒိုင်မှပြောသည်။

ဘိုကလေးဈေးမှ ကြက်ရောင်းသူတဦးက “အရင်ကဆို တနေ့ ကြက်အကောင် (၆၀-၇၀)၊ ရောင်းကောင်းရင် အကောင် (၈၀) လောက်ကုန်တယ်။ ခုဆို အရောင်းကျ သွားတာ တနေ့ အကောင် (၂၅-၃၀) ရောင်းကုန်ဖို့တောင် အနိုင်နိုင်ဖြစ်နေတယ်” ဟု ပြောသည်။

ယခင်က အိမ်ကြက်၊ မွေးမြူရေးကြက် စသဖြင့် ကြက်အမျိုးအစားအလိုက် ရောင်းချသည့်ဈေးမှာ တပိဿာ ကျပ် (၇,၀၀၀) မှ (၅,၅၀၀) ကြားရှိခဲ့ရာမှ ယခုအခါ ကြက်တပိဿာလျှင် ပျမ်းမျှကျပ် (၁,၀၀၀) ခန့်ကျဆင်းသွားကြောင်း သိရသည်။

ကြက်ဈေးနှုန်းကျပြီး အရောင်းပါးသွားသဖြင့် အခြားသားငါးဈေးနှုန်းများ မြင့်တက်လာကာ ယမန်နေ့က ဈေးကွက်အတွင်း ၀က်သားတပိဿာ ကျပ် (၇,၀၀၀)၊ အမဲသားတပိဿာ ကျပ် (၅,၀၀၀)၊ ဆိတ်သားတပိဿာ ကျပ် (၈,၀၀၀)၊ ငါးကြင်းတပိဿာ ကျပ် (၅,၀၀၀) ဖြစ်နေသည်ဟု ရန်ကုန်မှ အိမ်ရှင်မတဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်း ကျိုင်းတုံမြို့နယ် နောင်ငင်းကျေးရွာ၌ တိုင်းရင်းကြက်များ ပုံမှန်မဟုတ်ဘဲ သေဆုံးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 အဖြစ် အတည်ပြုနိုင်ခဲ့သည်။

ထို့အပြင် သံသယဖြစ်ဖွယ် လူ (၄) ဦးကို စောင့်ကြည့်ခဲ့ပြီးနောက် ၎င်းတို့အနက် အသက် (၇) နှစ်အရွယ် မနမ်းခန်းသန်းမှာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုရှိနေကြောင်း WHO နှင့် စစ်အစိုးရအာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။ ကြက်ခြံများနှင့်ထိတွေ့သည့် အခြားစောင့်ကြည့်သူ (၆၈၉) ဦးတွင်မူ ရောဂါလက္ခဏာ မတွေ့ရ ကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ (၁၉) ၌လည်း ပဲခူးတိုင်း သနပ်ပင်မြို့တွင် ငုံးများသေဆုံးမှုရှိခဲ့ပြီး ကြက်ငှက်တုပ်ကွေးရောဂါ H5N1 အဖြစ် အတည်ပြုနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများက ကြက်ငှက်တုပ် ကွေးရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးမှုများ အဓိကပြုလုပ်နေကြပြီး စစ် အစိုးရဘက်မှ ငွေကြေးကုန်ကျခံပြုလုပ်မှုနည်းပါးကြောင်း ရန်ကုန်အခြေစိုက် အန်ဂျီအိုအဖွဲ့များက ဝေဖန်မှုများရှိနေကြောင်း သိရသည်။

Read More......
Template by : kendhin x-template.blogspot.com