Showing posts with label လူမှုဘဝ. Show all posts
Showing posts with label လူမှုဘဝ. Show all posts

Tuesday, September 23, 2008

ထိုင်း DTAC ဖုန်းတွင် မြန်မာသီချင်း နားထောင်နိုင်

Posted by The Irrawaddy Magazine | Thursday, September 18, 2008 | | 0 comments »

အေးလဲ့ | စက်တင်ဘာ ၁၇၊ ၂၀၀၈

ထိုင်းနိုင်ငံရှိ DTAC ဖုန်း ကုမ္ပဏီ၏ Ring 4U ဟုခေါ်သော မြန်မာသီချင်း နားထောင်နိုင်သည့် ဝန်ဆောင်မှု အစီအစဉ်သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအကြား ရေပန်းစား နေကြောင်း သိရသည်။

DTAC ကုမ္ပဏီ ၏ Ring 4U ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတဦးက မြန်မာသီချင်းနား ထောင်လိုသူများ အတွက် မြန်မာသီချင်း ပုဒ်ရေ ၄၅ ပုဒ် ခန့်ရှိပြီး သီချင်းတောင်းနိုင်ကြောင်း ဧရာဝတီ ကိုပြောသည်။

၎င်းဝန်ဆောင်မှုကို အသုံးပြု လိုပါက *7001 ကိုနှိပ်ပြီး မြန်မာဘာသာဖြင့် ကိုယ်ကြိုက်နှစ်သက်ရာ သီချင်း ရွေးချယ်နိုင်ရန်အတွက် လမ်းညွန်ပေးမည်ဖြစ်သည်ဟုလည်း သိရသည်။။

အဆိုပါ နံပါတ်ကို နှိပ်စဉ်“သာယာနာ ပျော်ဖွယ်သီချင်း အစီအစဉ်မှ ကြိုဆိုပါတယ်၊ ကိုယ်ကြိုက်နှစ်သက်ရာ ကို ရွေးချယ်နိုင်ပါတယ် ”ဟု ဝန်ဆောင်မှု ပေး၍ လမ်းညွန်ထားသည်။

၎င်းဝန်ဆောင်မှုမှာ သီချင်း တပုဒ် တကြိမ်အတွက် ထိုင်းဘတ် ၅ ဘတ် ပေးဆောင်ရပြီး တလအတွက် သီချင်း တောင်းမည် ဆိုပါ က ၃၁ ဘတ် ပေးဆောင်ရမည်ဖြစ်သည်။

“အခုလို ကိုယ့် မြန်မာသီချင်းကို ဖုန်းမှာ နားထောင်ရတော့ ပျော်ပါတယ်၊ ဒါကို ကျနော်တို့တွေ ဘန်ကောက် ၊ မဲဆောက်နဲ့ ချင်းမိုင်းမှာရှိတဲ့ သူငယ်ချင်းတွေ ဆီက အချင်းချင်းရကြတယ်” ဟု ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားအများစု ဈေးရောင်းသည့် ညဈေး (Night Bazaar) တွင် အလုပ်လုပ်နေသော ကိုအောင်ထွန်းက ပြောသည်။

DTAC ဖုန်းကုမ္ပဏီသည် ထိုင်းနိုင်ငံဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် ၁၉၈၉ ခုနှစ် သြဂုတ်လတွင် စတင် ခဲ့ပြီး ယခုနှစ် မတ်လအထိ အသုံးပြုသူဦးရေ ၁၆ သန်း ရှိကြောင်း DATC ကုမ္ပဏီ အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း၌ မြန်မာရွှေ့ပြောင်း အလုပ်သမား သန်းနှင့်ချီ၍ နေထိုင်လုပ်ကိုင်လျှက် ရှိကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

Read More......

Thursday, August 28, 2008

အမေရိကားရောက် မြန်မာများအကြောင်း တစေ့တစောင်း

ဆန်းသစ် Mizzima ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 27 2008 12:22 - မြန်မာစံတော်ချိန်

အခြားနိုင်ငံများနေ မြန်မာများ သူတို့နေထိုင်ခွင့် VISA အတွက် စိုးရိမ်ရသော်လည်း အမေရိကန် နိုင်ငံတွင် သိပ်မပူပင်ရပါ။ နည်းမျိုးစုံဖြင့် နေထိုင်ခွင့် ရနေဆဲပင် ဖြစ်ပါသည်။ အမေရိကန်များက မြန်မာ ၃ သောင်းခန့်ကို ဒုက္ခသည်စခန်းများမှ ၂၀၀၇ ခုနှစ်တွင် လက်ခံပြီး ဆက်လက်ပြီး လက်ခံရန် အစီအစဉ် ရှိသည်ဟု သိရပါသည်။

လော့စ်အိန်ဂျယ်လိစ်တွင် မြန်မာ အသိုင်းအ၀ိုင်း ကြီးမားလှသည်။ မြန်မာပြည်မှ အဆိုတော်၊ ဂီတပညာရှင်မှအစ စာပေ၊ အနုပညာရှင်၊ လုပ်ငန်းရှင် များစွာနှင့် မြန်မာများအတွက် အခမဲ့ လစဉ်ထုတ် သတင်းစာများပင် အမေရိကန် တ၀ှမ်းသို့ ပို့ပေးနေသည်ကို ၂၀၀၈ တွင် တွေ့ရသည်။ ထိုသတင်းစာများကို ဖတ်ကြည့်ပါက မြန်မာများ အမေရိကန်တွင် လှုပ်ရှားနေထိုင်ပုံ အကြမ်းဖျင်း သိနိုင်ပါသည်။

အမေရိကားသို့ မြန်မာများ မည်ကဲ့သို့ ရောက်ရှိလာသလဲ? အမေရိကန်မှ မစ်ရှင်ဆရာ ယုဒသန် (Judson) မြန်မာပြည်သို့ ဘိုးတော်ဘုရားလက်ထက် ၁၈၁၂ တွင် ရောက်ခဲ့သည်မှ စခဲ့ပုံရပါသည်။ အင်္ဂလိပ်များက သူတို့ အင်္ဂလိပ် Christian Mission များကို ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် နေထိုင်စေပြီး၊ အမေရိကန် Mission များမှာ အင်္ဂလိပ်မစ်ရှင်များ မသွားချင်သော တောင်တန်းဒေသ မိရိုးဖလာ နတ်ကိုးကွယ်သော တိုင်းရင်းသားများဆီ သွားရပါသည်။ ထိုသို့ မြန်မာပြည်ရောက် အမေရိကန်အသိုင်းအ၀ိုင်းမှ ထူးချွန်သူမြန်မာများကို ပညာသင်များအဖြစ် အမေရိကန်သို့ စေလွှတ်ခဲ့ကြသည်ကို မြန်မာပညာသင်များ သမိုင်းသုတေသန စာအုပ်တွင် ဖတ်ရပါသည်။


ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် ပညာတတ် မြန်မာများ အမေရိကန် တက္ကသိုလ်များကို ပိုမိုရွေးချယ်လာခဲ့သည်။ ၁၉၆၂ ဦးနေ၀င်း၏ စစ်အစိုးရ တက်လာပြီးသည့်နောက်တွင် လုပ်ငန်းများကို ပြည်သူပိုင်သိမ်းရာမှာ အမေရိကန်သို့ အသင့်အတင့် ပြောင်းရွှေ့မှုများ ရှိလာပြီးသည့်နောက် ၁၉၈၈ နောက်ပိုင်းတွင် အစုလိုက်အပြုံလိုက် ပြောင်းရွေ့လာကြပါသည်။ ၂၀၀၇ နောက်ပိုင်းတွင် ထိုင်းနိုင်ငံ နယ်စပ်မှ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည် Refugee များ ကုလသမဂ္ဂ UNHCR Project အဖြစ် တတိယနိုင်ငံသို့ ပို့ဆောင်ပေးရာတွင် အမေရိကန်သည် အများစုကို လက်ခံနိုင်သောကြောင့် ယခုအခါ အမေရိကန်ရောက် မြန်မာများ ဦးရေမှာ သိန်းဂဏန်းကျော်သွားပြီဖြစ်သည်။

အမေရိကန် လူဦးရေ သန်း ၃၀၀ ခန့်တွင် တရားမ၀င် နေထိုင်သူ ခန့်မှန်းခြေ သန်း၂၀ နီးပါးရှိသည်ဟု ဆိုသည်။ ၉၀ ရာခိုင်နှုန်းမှာ အိမ်နီးချင်း မက္ကဆီကိုနိုင်ငံမှ ကူးလာသူများဖြစ်သည်။ သူတို့သည် စပိန် ဘာသာစကားကို ပြောပြီး သူတို့ Native Language လည်း ရှိပါသည်။ မြန်မာများက သူတို့ကို "ပဲ" ဟု ခေါ်ကြသည်။ ဘာကြောင့်ရယ်မသိ၊ ပဲ စားပြီး အားကောင်းမောင်းသန်သည့် သဘော အဓိပ္ပာယ် သက်ရောက်နိုင်ပါသည်။

အများအားဖြင့် မက္ကဆီကို တောင်ပေါ်သားများမှာ အလုပ် အင်မတန် လုပ်နိုင်သူများ ဖြစ်ကြသည်။ စင်ကာပူသို့ အလုပ်လာလုပ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံ အလုပ်သမား လူတန်းစားများကဲ့သို့ ဖြစ်သည်။ အိန္ဒိယ၊ ထိုင်း ဆောက်လုပ်ရေး လုပ်သားများထက်ပင်လျင် အပင်ပန်းခံနိုင်၊ အလုပ်လုပ်နိုင်သူများဖြစ်ပြီး အာရှမှ တရုတ်၊ ကိုးရီးယား၊ ဗီယက်နမ်၊ မြန်မာများ သူတို့ကို ယှဉ်၍ အလုပ်ကြမ်း မလုပ်နိုင်ပါ။

စားသောက်ဆိုင်၊ မြို့ကြီး၊ ကုန်တိုက်၊ အမှိုက်ကြုံး၊ သန့်ရှင်းရေး စသည့် အလုပ်သမား လောကတွင် မက္ကဆီကန်များက ကြီးစိုးထားပါသည်။ နယ်ဘက် လယ်ယာစိုက်ပျိုးရေး၊ ခြံခင်း၊ သတ္တု ရေနံလုပ်ငန်း၊ ဆောက်လုပ်ရေး စသည့် အလုပ်ကြမ်းလောကတွင်လည်း ထိုသူများပင် အားကိုးရပါသည်။

၂၀၀၈ တရားဝင်စာရင်းကို မသိနိုင်သေးသော်လည်း အမေရိကန် လူဦးရေစာရင်း တရားဝင် ကျေညာချက်အရ http://factfinder.census.gov ၂၀၀၆ တွင် တနိုင်ငံလုံး လူဦးရေ ၂၉၃ သန်းရှိပြီး စပိန်စကားပြော လူဖြူ ၃၅ သန်း အပါအ၀င် လူဖြူ ၂၂၁ သန်း၊ လူမဲ ၃၆ သန်း၊ Red Indian (Native American) ၅ သန်း၊ အာရှတိုက်သား ၁၂ သန်းနဲ့ အခြားလူမျိုး ၁၈ သန်း ရှိသည်ဟု ရေးထားသည်။ အာရှတိုက်သားများတွင် စာရင်းအရ အများဆုံး လူမျိုးများမှာ တရုတ် ၂.၄ သန်း၊ အိန္ဒိယ ၁.၇ သန်း၊ ဖိလစ်ပိုင် ၁.၉ သန်း၊ ဗီယက်နမ် ၁.၁၂ သန်း၊ ကိုရီးယား ၁.၀၇ သန်း၊ ဂျပန် ၀.၈ သန်း ဖြစ်ကြပြီး လူတသိန်းခန့်ရှိသည့် လူမျိုးများမှာ သီရိလင်္ကာ၊ တိုင်ဝမ်၊ ကမ္ဘောဒီးယား၊ လော၊ ပါကစ္စတန်၊ Hmong လူမျိုး၊ ထိုင်း၊ မလေးရှားများ ဖြစ်သည်။

မြန်မာလူမျိုးရေ တသိန်း မရှိသေးသော်လည်း ယခု ၂၀၀၇ နောက်ပိုင်း အစုလိုက်အပြုံလိုက် ဒုက္ခသည်များကို လက်ခံနေသောကြောင့် မြန်မာလူဦးရေသည် အမေရိကန်တွင် သေချာပေါက် များလာနေပြီဖြစ်သည်။ တရုတ်၊ အိန္ဒိယ လူဦးရေ များခြင်းမှာ သဘာဝကျသည်။ ဖိလစ်ပင်းက တတိယအများဆုံး ဖြစ်ရခြင်းမှာ အမေရိကန် ကိုလိုနီအဖြစ် ၁၉၄၆ အထိ နေရသောကြောင့်ဖြစ်သည်။ ကိုရီးယားစစ်ပြီး ၁၉၅၃ နှင့် ဗီယက်နမ်စစ်ပြီး ၁၉၇၅ တွင် ဒုက္ခသယ်များစွာ အမေရိကန်က လက်ခံခဲ့သောကြောင့် ထိုလူမျိုး ၂ ခုမှာ နံပါတ် ၄ နှင့် ၅ အများဆုံး အာရှတိုက်သားများ ဖြစ်နေရသည်။ ယခု မြန်မာဒုက္ခသည်များကို လက်ခံခြင်းဖြင့် မြန်မာများ ၂၀၀၈ နောက်ပိုင်း အမေရိကန်တွင် နံပါတ် ၆ အများဆုံး အာရှတိုက်သားများဖြစ်ရန် အခွင့်အလမ်းများနေပြီဟု ဆိုနိုင်ပေသည်။ မြန်မာများ ပြည်ပထွက် အလုပ်လုပ်ရခြင်းနှင့်ပတ်သက်ပြီး စစ်အစိုးရကို အပြစ်ပုံချရမည်ဖြစ်သည်။

၁၉၈၈-၂၀၀၇ မြန်မာများ အမေရိကန်သို့ ရောက်လာသော နည်းလမ်းများတွင့့်

၁။ Green Card / Citizen ရသူများမှ သူတို့ ဆွေမျိုးများကို တရားဝင်ခေါ်ယူခြင်း၊

၂။ အမေရိကန်သို့ ကျောင်းလာတက် Student Pass နှင့်လာရောက်ပြီး ဆက်လက် နေထိုင်ခွင့် နည်းအမျိုးမျိုးဖြင့် ရရှိသွားခြင်း၊

၃။ အလုပ်ကိုင်နှင့် အလည်အပတ်အဖြစ် H1, B1, B2 ဗီဇာများဖြင့် လာရောက်ပြီး ဆက်လက် နေထိုင်ခွင့် နည်းအမျိုးမျိုးဖြင့် ရရှိသွားခြင်း၊

၎။ နယ်စပ်ဒေသများမှ ဒုက္ခသည်အဖြစ် ကုလသမဂ္ဂ အစီအစဉ်ဖြင့် ရောက်ရှိလာခြင်း၊

၅။ အခြားနည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိခြင်း (ဥပမာ၊ DV မဲပေါက်ခြင်း၊ ဂူအမ်ကျွန်းမှတဆင့်လာခြင်း၊ ဂျမေကာ၊ မက္ကဆီကို၊ ဟွန်ဒူရပ် စသည့် နိုင်ငံများသို့ လာပြီး မက္ကဆီကိုနယ်စပ်မှ တရားမ၀င်လာသူများ လမ်းကြောင်းအတိုင်း ခိုးဝင်လာခြင်း . . စသည့် နည်းလမ်များစွာ ရှိပါသည်။)

အမေရိကန်အစိုးရက မျက်စိမှိတ်ပြီး မြန်မာများကို လက်ခံနေဆဲပင်ဖြစ်သည်။ Migrant, Work H1, DV, Student စသည့် ဗီဇာများအတွက် အမေရိကန်အ၀င်မှာ ဘာမှ စိုးရိမ်စရာမလိုပါ။ Visit VISA များအတွက် ၀င်ခွင့်မရဘဲ အမေရိကန်မြို့ လေဆိပ်များမှ Depot လုပ်ခံရသူ အလွန်နည်းပါးသော်လည်း အဆင်မပြေသူများ အနည်းအကျဉ်း ရှိနေဆဲပင်ဖြစ်သည်။ အမေရိကန်ဗီဇာ လျှောက်ရာတွင် အမေရိကန်တွင်ပဲ ထာဝရ နေထိုင်ချင်လှသည့် ပုံစံနှင့်မလျှောက်ဘဲ အလည် ၆ လခန့်သာ နေချင်သည့်ပုံစံနှင့် အင်တာဗျူးဝင်လျှင် ဗီဇာရနိုင်သော်လည်း မြန်မာများအတွက် အမေရိကန်ဗီဇာမှာ ခက်ခဲနေဆဲပင်ဖြစ်သည်။ ဗီဇာရရှိပြီးနောက် အမေရိကန်ပြည်သို့ ၀င်ခွင့်ရလျှင် ၆ လ နေထိုင်ခွင့် တုံးထုပေးလိုက်ပြီး ထို ၆ လအတွင်းမှာ အခြားနည်းဖြင့် ဆက်လက်နေထိုင်ခွင့် ရရှိအောင် ကြိုးစားရသည်။

အမေရိကန်တွင် အလည်ရောက်လာသော မြန်မာများအတွက် အခြေကျရန် ၅ နှစ် အနည်းဆုံး လိုအပ်သည်ဟု အခြေကျနေသူ မြန်မာများက ပြောဆိုကြသည်။ သို့ရာတွင် အမေရိကန် ဂရင်းကဒ် ၂ နှစ်အတွင်း ရရှိရေးအတွက် နည်းလမ်းများမှာ H1 Visa အလုပ်အကိုင် ရရှိရေးနှင့် ခိုလှုံခွင့်ဟု ခေါ်နေသော Asylum လျှောက်ထားရေးပင် ဖြစ်သည်။ Student Pass, Business Pass ဆက်လျှောက်ထား၊ နေထိုင်သွားလျှင်လည်း ရနိုင်ပါသည်။

အထူးသဖြင့် မြန်မာများအကြားတွင် ရေပန်းစားနေသော အမေရိကန်တွင် ခိုလှုံခွင့်ဗီဇာကို ၂၀၀၇ နောက်ပိုင်းတွင် ပိုမိုအားကိုးလာကြသည်။ မြန်မာအများစုမှာ မြန်မာစစ်အစိုးရကို လုံးဝမကြိုက်သော်လည်း စစ်အစိုးရ ဆန့်ကျင်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ မပါဝင်သောကြောင့် အမေရိကန်ရောက်လာပြီး ခိုလှုံခွင့် မလျှောက်လိုကြပါ။ ကျောင်းတက်၊ ဘွဲ့ရ၊ အလုပ်ရ၊ H1 Visa ရရှိပြီးနောက်ပိုင်း အိန္ဒိယကျောင်းသားများကဲ့သို့ ၅ နှစ်၊ ၁၀ နှစ် ကြိုးစားလျှင် အမေရိကန်တွင် ကြီးပွားအဆင်ပြေနိုင်ပေသည်။ သို့သော် ယခုခေတ်မှာ စစ်အစိုးရဖိနှိပ်မှုကို အမေရိကန်အစိုးက အပြင်းအထန် ကန့်ကွက်၊ စီးပွားရေး ပိတ်ဆို့နေချိန်ဖြစ်သည်။

ထို့ကြောင့် မြန်မာများ ခိုလှုံခွင့်တောင်းခံရာတွင် ရှေ့နေများနှင့် စနစ်တကျ ဇာတ်လမ်းသေချာ ရေးသားတောင်းဆိုမှုများကို အင်တာဗျူးဝင်ပြီး ကျေနပ်ပါက ခိုလှုံခွင့်ပေးလေ့ရှိပါသည်။ ဒုတိယနိုင်ငံ နော်ဝေး၊ ဒိန်းမတ်၊ အင်္ဂလန်၊တိုင်ဝမ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများတွင် နေထိုင်ခွင့်လက်မှတ် (ဥပမာ၊ အလုပ်ဗီဇာ၊ Permanent Resident ဗီဇာ ကိုင်ထားသူ) များကို အမေရိကန် ခိုလှုံခွင့်ပေးရန်အတွက် ခိုင်လုံသော အကြောင်းပြချက်ရှိရန် လိုအပ်ပါသည်။ အများစုမှာ ခိုလှုံခွင့် နေထိုင်အလုပ်လုပ်ခွင့်များ ရရှိပြီး အဆင်ပြေသွားကာ အချို့မှာ ၅ နှစ်ကျော်ပါက အမေရိကန် နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပင် ရရှိပါသည်။ ထို့ကြောင့် ခိုလှုံနေထိုင်ခွင့်ကို လာဘ်မြင်သူ မြန်မာများက ကောင်းကောင်း အသုံးချနေကြပါသည်။

နိုင်ငံရေးတွင် အမေရိကန်ကို အားကိုးချင်သော်လည်း လက်တွေ့ နိုင်ငံရေးအခြေအနေ လေ့လာသူများက အမေရိကန်၏ အာဖဂန်နစ္စတန်အပြီး၊ အီရတ်တွင် ၀င်ရောက်စွက်ဖက်မှုကြောင့် နိုင်ငံရေး အကျပ်အတည်း တွေ့နေပြီး၊ မြန်မာ့အရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆွေးနွေးနိုင်သော်လည်း တရုတ်၊ ရုရှား တို့ကြောင့် ရပ်တန့်နေရပါသည်။

စီးပွားရေးအခြေအနေတွင်လည်း စစ်စရိတ်ထောင်းသော အမေရိကန်မှ တရုတ်ပြည်သို့ ကုန်ထုတ်လုပ်ငန်း၊ ကွန်ပြူတာစက်ရုံများစွာ ပြောင်းရွှေ့သွားမှုများရှိနေ၍ အလုပ်အကိုင်များ လျော့နည်းလာနေသည်ဟု ဆိုသည်။ အချို့က Recession စီးပွားကပ် ဆိုက်နေပြီဟု မှတ်ချက်ချသည်။

လွန်ခဲ့သော ၅ နှစ်ကျော်က စင်ကာပူနှင့် နှိုင်းယှဉ်လျှင် US$ 1 dollar = Singapore $1.8 ခန့် မှာ ယခုနှစ်တွင် စင်ကာပူဒေါ်လာ 1.3 ဈေးနှုန်းသို့ တဖြေးဖြေး ကျဆင်းသွားပြီး အမေရိကန် ဓာတ်ဆီဈေးမှာ ၂ ဒေါ်လာမှ ယခု ၄ ဒေါ်လာသို့ တက်သွားသည်။ လူတဦးချင်း ၀င်ငွေမှာ ပျှမ်းမျှ တနှစ် ၃ သောင်းခန့် ဆိုသော်လည်း တလ ဒေါ်လာ ၁၅၀၀ ရနိုင်သော အမြဲတမ်းအလုပ်မှာ အလွန်ရှားပါးနေပါသည်။ ယခင်က အမြဲတမ်း အလုပ်သမားများကို ဖြုတ်ပြီး ကန်ထရိုက် အလုပ်သမားများအဖြစ် ပြောင်းလဲခန့်ခြင်း၊ လစာများများ ရသူများကို အလုပ်အနားယူ Retrench လုပ်ခြင်း (သို့မဟုတ်) အလုပ် ၂ ခု လုပ်စေခြင်း စသဖြင့် ကပ်ဆိုက်နေချိန်ဖြစ်သည်။

Social Security ဖြင့် ထုတ်စားနေသော စနစ်မှာ ရေရှည်တွင် မဟန်တော့ကြောင်း သိလာသဖြင့် ယခုအခါ 401 Plan ဆိုသော စနစ်သစ်ကို စတင်ကျင့်လာရသည်။ နိုင်ငံသား အသက်ကြီးလာလျှင် ငယ်စဉ်ကာလ အလုပ်လုပ်ရာ၌ အလုပ်ရှင်နှင့် အချိုးကျငွေ စုဆောင်းထားသည့် စနစ်ဖြစ်သည်။ စင်ကာပူတွင် ၁၉၇၀ နောက်ပိုင်း စတင်ကျင့်သုံးသော CPF စနစ်ဖြစ်သည်။ မလေးရှားကလည်း EPF အဖြစ် ကျင့်သုံးပြီး သြစတြေးလျား၊ အင်္ဂလန်တို့ကလည်း ကျင့်သုံးနေပြီဖြစ်သည်။

အမေရိကန်ရောက် မြန်မာများအတွက် မည်သို့ဖြစ်စေ အခွင့်အလမ်းများစွာ ရှိပါသည်။ စီးပွားရေး ကပ်ဆိုက်သော်လည်း ကြိုးစားပြီး ဥာဏ်ပညာ၊ ၀ိရိယ အားစိုက်ပြီး အမေရိကန်စနစ်ကို သေချာလေ့လာ လုပ်ကိုင်ပါက ကိုရီးယား၊ ဗီယက်နမ်များထက် မသာလျှင်ပင် တန်းတူလိုက်လာနိုင်မည် ဖြစ်သည်။ ယခင်က လစာ၊ ၀င်ငွေ ကောင်းလှသော ဆရာဝန် အသိုင်းအ၀ိုင်း၊ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းများသည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝေးနေရသည်။ အားလုံးက မြန်မာပြည်ကြီး ပြည်တော်သာအဖြစ်၎င်း၊ ဒီမိုကရေစီနိုင်ငံအဖြစ်၎င်း မြင်ချင်သော်လည်း တဦးနှင့်တဦး ပူပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိပါ။

၂၀၀၇ သံဃာတော်လှုပ်ရှားမှု ပြီးသည့်နောက်တွင် အမေရိကန်ရောက် မြန်မာများသာမက ပြည်ပရောက် မြန်မာများ ပြည်တွင်းသို့ ထောက်ပံ့ငွေများကို ပူးပေါင်းကောက်ခံပေးခြင်းများ ရှိလာသည်။ ၂၀၀၈ မတ်လ မြန်မာ့သမိုင်းတွင် မကြုံဖူးသော နာဂစ်ဆိုင်ကလုန်းကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်သားများ သိန်းနှင့်ချီ သေဆုံးပြီး ၂ သန်းခန့် အိုးအိမ်မဲ့ဖြစ်သွားရာတွင် မြန်မာစစ်အစိုးရ၏ ဥပက္ခာပြုလုပ်ရပ်ကို ကမ္ဘာ့နိုင်ငံများက အံ့သြစုတ်သပ် ဖြစ်ရသည်။ ပြည်ပရောက် မြန်မာများ ဆက်လက် ပူးပေါင်းရံပုံငွေရှာ ထောက်ပံ့လုပ်ဆောင်ရသည်။ အမေရိကန် တ၀ှမ်းလုံးတွင် မြန်မာများ Fund Raising Events များ၊ ဆုတောင်းပွဲများနှင့် အချို့ အမေရိကန်မြန်မာများ ခွင့် လနှင့်ချီပြီး မြန်မာပြည်တွင်း ပြန်သွား ကူညီလုပ်ကိုင်ကြသည်။


အမေရိကန်ရောက် မြန်မာများ အထူးသဖြင့် အခြေမကျစဉ် (၅ နှစ်အတွင်း) အထူးခက်ခဲမှုများကို တွေ့ကြုံနေစဉ်တွင် အဓိကဖြစ်သော ပညာရေးအတွက် အချိန်ပေးနေသော မြန်မာလူငယ်များစွာ ရှိသည်မှာ အားရဖွယ်ရာဖြစ်သည်။ လူကြီးများလည်း စင်ကာပူကဲ့သို Self Upgrading Course များကို တက္ကသိုလ်၊ ကောလိပ်၊ Community Center များတွင် တက်နေကြသည်။ ရောက်ခါစတွင် မြန်မာများ ပညာရေး မလုပ်နိုင်သေးဘဲ ၀မ်းရေးအတွက် အလုပ်ဝင်လုပ်ရင်း လုံးပါးသွားပြီး ငွေကြေးကျွန် မဖြစ်ချင်ဘဲ ဖြစ်သွားရသူများလည်း ရှိပါသည်။ စင်ကာပူ၊ မလေးရှား၊ တရုတ်ပြည်များတွင် စီးပွားရေး ကောင်းနေဆဲတွင် တော်ရုံစိတ်ထားနှင့် အမေရိကား လာရောက် စီးပွားရှာလိုသူ ရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ အဆင်ပြေအောင် နေတတ်သူမှာ ဘယ်ရောက်ရောက် အဆင်ပြေမည်ဖြစ်သည်။ ငွေကြေးနောက်လိုက်သော လူများအဖို့ တရုတ်စကားပုံအရ ခြေ ၄ ချောင်းရှိသော ပိုက်ဆံသတ္တ၀ါ လက်အောက်သို့ ကျရောက်သွားလေ့ ရှိပါသည်။ ဘ၀အတွက် အဓိကလိုအပ်သော ပညာရေး၊ ပြည်သူ့နီတိ တရားများကို လက်ခံ ကျင့်သုံးသူများအဖို့ မည်သည့်နိုင်ငံရောက်ပါစေ စိတ်ချမ်းသာမည်။

ကံ၊ ဥာဏ်၊ ၀ိရိယ ၃ ပါးနှင့် ကိုက်ညီပါက ပညာ၊ ငွေကြေးဥစ္စာလည်း တိုးပွားလာမည်။ တိုးပွားနေသော အမေရိကန်ရောက် အောင်မြင်နေသော မြန်မာများကိုလည်း အားကျမိပါသည်။ နောင်တချိန်တွင် မြန်မာပြည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် ကမ္ဘာတွင် အကြီးကျယ်ဆုံး၊ အချမ်းသာဆုံး၊ ဒီမိုကရေစီအရှိဆုံး ဖြစ်သော အမေရိကန်ရောက်မြန်မာများ အဓိကအခန်းမှ ပါဝင်နိုင်စေရန် မျှော်လင့်ပါသည်။
ဆန်းသစ်

သြဂုတ်လ ၂၇ ရက်၊ ၂၀၀၈ ခုနှစ်။

Read More......

ထိုင်းလာမည့် မြန်မာအလုပ်သမားများ စိစစ်ရေး အခက်အခဲရှိနေဆဲ


Ref : NEJ/ ၂၇ သြဂုတ် ၂၀၀၈
line

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တင်ပို့နိုင်ရေး ထိုင်းအစိုးရ၏ တိုက်တွန်းမှုကို မြန်မာအစိုးရ အနေဖြင့် တရားဝင်အလုပ်သမားများတင်ပို့ရန် အရန်သင့်မဖြစ်သေးဟု မြန်မာဘက်မှ ပြောကြား သည်။

ယခုလ (၁၉) ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီး နန်အူလိုင်ဝမ်န်ထီးယန်းင်ထောင်းနှင့် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်တို့ တွေ့ဆုံအပြီးတွင် မြန်မာအစိုးရ၏သဘောထားကို ထိုင်းအလုပ်သမားဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

သူမက “ထိုင်းမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံသားအဖြစ်စိစစ်ဖို့ရယ် နောက်ထပ်လာမဲ့ အလုပ်သမားတွေကို မြန်မာနိုင်ငံဘက်က တရားဝင်တင်သွင်းဖို့ကိစ္စကို ထိုင်း ဘက်ကဆွေးနွေးပေမယ့် ဒီကိစ္စမြန်မာဘက်ကအရန်သင့်မဖြစ်သေးဘူး" ဟုပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာအလုပ်သမား ၁ သိန်း ၇ သောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်များ စာရင်းကို မြန်မာဘက်သို့ ပို့ထားပြီး မြန်မာဖက်မှလူဦးရေ (၃,၀၀၀) စိစစ်ပြီးသွားပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးကပြောသည်။

ယခုကဲ့သို့မြန်မာအလုပ်သမားများကို စိစစ်ဖို့အခက်အခဲ ဖြစ်နေရခြင်းမှာ နှစ်နိုင်ငံတာဝန်ရှိသူများ အချင်းချင်း ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် ဖြစ်ကြောင်း၊ ၎င်းအခြေအနေ များကြောင့် ထိုင်းအလုပ်သမားဝန်ကြ်ီးဌာနမှ ထိုင်းဗိုလ်ချုပ် ခမ်းချိုင်းအာနန္ဒစုံဘွန်း ကိုစေလွှတ်ပြီး တာဝန်ပေးထားကြောင်း ၎င်းဗိုလ်ချုပ်နှင့်အဖွဲ့ကို ထိုင်းဖက်မှ လုပ်ငန်းမြန်သထက်မြန်အောင် ဆောင်ရွက်နိုင်ဖို့တာဝန်ပေးထားသည်ဟု ထိုင်းဘက်ကပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာဒုတိယ၀န်ကြီးတို့တွေ့ဆုံအပြီး နောက်တနေ့တွင် မြန်မာ အလုပ်သမားဝန်ကြီးဌာနက ထိုင်းဘက်သို့ပြောကြားရာတွင် “မြန်မာအလုပ်သမားများစိစစ်ရေး ကိစ္စနှင့် ပတ်သက်၍ စံပြအနေဖြင့် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာအလုပ်သမား (၁) သောင်းကို ဦးစွာစိစစ်မှုပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းအလုပ်သမားဝန်ကြီးက “လက်ရှိထိုင်းကိုရောက်နေတဲ့မြန်မာတွေ ထဲက ဒီလူ (၁) သောင်းကို စီစစ်သွားမယ် ပြီးရင်မြန်မာအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်သွားမည် ဟု ပြောသည်။

မြန်မာနိုင်ငံသားဖြစ်ကြောင်းစီစစ်ပြီး တာချီလိတ်၊ ကော့သောင်း၊ မြ၀တီဖက်မှ ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လာလုပ်ကြမည့် မြန်မာအလုပ်သမားများ၏ ဗီဇာကြေးကို ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ ယခင်က ဘတ် (၂) ထောင် သတ်မှတ်ထားသော်လည်း ယခုအခါ ဘတ် (၅၀၀) သို့ လျှော့ချလိုက်သည်။

ယခုကိစ္စနှင့် ပတ်သက်၍ မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မီတီ JACBA အဖွဲ့၏ ဥက္ကဋ္ဌ ကိုမိုးကြိုးက “နှစ်ဖက် အစိုးရတရားဝင်လုပ်တာကို အလုပ်သမားတွေကိုလည်းအသိပေးရမယ်၊ အလုပ်သမားတွေရဲ့ သဘောတူညီချက်ကိုလည်းယူရမယ်၊ အလုပ်ရှင်ဖြစ်သော်လည်း အလုပ်သမားတွေအပေါ်မှာ အတင်းအကြပ် စာချုပ်စာတမ်းချုပ်ဆိုခွင့် မရှိဘူးဆိုတာ ထိုင်းအလုပ်သမားကာကွယ်ရေး အက် ဥပဒေ BE ၂၅၄၁ မှာတရားဝင်ပြဋ္ဌာန်းထားတယ်။ အလုပ်သမားတွေရဲ့ သဘောတူညီချက်မပါပဲ ကိုယ့်သဘောနဲ့ ကိုယ်လုပ်မယ်ဆိုရင်တော့ အလုပ်သမားတွေဆီက ပူးပေါင်းဆောင်ရွက်မှု မရနိုင် ဘူး စမ်းသပ်တဲ့လုပ်ငန်းလည်း မအောင်မြင်နိုင်ဘူး” ဟု ပြောသည်။

မဲဆောက်တောရဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးတပါးက “လွန်ခဲ့တဲ့ (၂) နှစ်လောက် ကဒီကိစ္စကို ဘန်ကောက်မှာလုပ်ဖို့ မြန်မာအလုပ်သမား (၄၀) ရဲ့ကိုယ်ရေးရာဇ၀င် အချက်အလက် တွေကို ထိုင်းက မြန်မာအစိုးရဆီပို့ပေးတယ်။ နောက်ဆုံးမှာ ဘာမှဖြစ်မလာပဲ ဘုန်းကြီးတို့လှိုင်းဘွဲ့ က ဘန်ကောက်မှာ အလုပ်သွားလုပ်တဲ့သူတွေပါတော့ သူတို့မိဘတွေကို မြို့နယ်အာဏာပိုင်တွေ
က ဘန်ကောက်ကိုဘယ်လိုသွားလည်း ဘာသွားလုပ်လည်း ဥပဒေအရ ထောင်ကျနိုင်တယ်ဆိုတာ သိလား ဆိုပြီးခြိမ်းခြောက်တော့ တယောက်ကို မြန်မာငွေ (၅) သိန်းလောက်ပေးလိုက်ရတယ်။ ဒီတခါ ထပ်လုပ်ရင်တော့ ဘယ်သူမှလုပ်တော့မှာ မဟုတ်ဘူး'' ဟုမိန့်ကြားသည်။

လက်ရှိထိုင်းနိုင်ငံတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားဦးရေ (၄. ၉) သိန်း ရှိပြီး စာရင်းမသွင်းဘဲ ပုန်းရှောင်နေသူ အပါအ၀င် မြန်မာအလုပ်သမား (၂) သန်းခန့် ထိုင်းနိုင်ငံ အတွင်းရောက်ရှိနေသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြသည့် အဖွဲ့များ၏ စစ်တမ်းများအရ သိရှိရသည်။ ။

Read More......

Tuesday, June 24, 2008

မြန်မာပြည် စွမ်းအင် နဲ့ အစားထိုးလောင်စာပြသနာ

လောင်စာဆီ တစ်နေ့တစ်ခြား ကြီးမြင့်လာတဲ့ ဒီကနေ့မှာ အစားထိုးလောင်စာစွမ်းအင် သုံးဖို့ ပြောကြတာ ပိုကြားလာနေပါရတယ်။ စွမ်းအင်အဖြစ် ကျွန်တော်တို့ အဓိကသုံးစွဲရာဖြစ်တဲ့ ရေနံစိမ်းဈေးနှူန်းဟာ မနှစ်က တစည်ကို ၇၀ ဒေါ်လာကနေ ပြီးတော့ အခုလက်ရှိ ၁၄၀ ဒေါ်လာကို ခုန်ပျံကျော်လွား ရောက်လာပါပြီ။ (တစ်ချို့ကတော့ ၂၀၀၈ နှစ်ကုန်မှာ တစ်စည် ဒေါ်လာ ၂၀၀ လောက်အထိ ဖြစ်လာမယ်လို့ မှန်းထားပါတယ်။

အခုလက်ရှိအခြေအနေမှာ အစားထိုးလောင်စာ (အဓိက ရေ၊နေ၊လေ၊ ဘူမိအပူ၊နဲ့ လယ်ယာစွန့်ပစ်ပစ္စည်း) စွမ်းအင်သုံးဖို့ သင့်တော်ပါပြီလား။ မြန်မာနိုင်ငံ လက်ရှိ အနေအထားအရ တစ်နိုင်တစ်ပိုင် မိသားစု အနေနဲ့ အိမ်သုံးအတွက်တော့ တွက်ခြေကိုက် သုံးစွဲဖို့ ခက်နေပါသေးတယ်။ ပတ်ဝန်းကျင် အနေအထားက အားသာချက် မရသေးပါဘူး။ (ဒီဆောင်းပါးမှာ နေ နဲ့ လေ စွမ်းအင်အကြောင်းကိုပဲ အလေးထားပြောသွားမှာပါ။ ) အကြောင်းတွေက တော့

၁။ အစဦး ရင်းနှီးမြုပ်နှံမှု စရိတ် အရမ်းကြီးနေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံက ဆိုလာပြားတို့၊ လေဒလက်တို့ ဝယ်ရတဲ့နိုင်ငံဆိုတော့ ပိုဈေးကြီးတာပေါ့။ တစ်ချို့ထုပ်လုပ်တဲ့နိုင်ငံတွေမှာ အစီုးရက တပ်ဆင်သုံးစွဲ စရိတ်တစ်ချို့ကို ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ကတော့ အကုန်လုံး ကိုယ့်စရိတ်နဲ့ကိုယ် ဆိုတော့ ဈေးပေါလာတဲ့အထိ (ရေနံဈေးနဲ့ကာမိတဲ့အထိ) စောင့်ရအုံးမှာပါ။

ထိုင်းက ပြုလုပ်တဲ့ Research (၂၀၀၇)အရ စွမ်းအင် Mass Production ထုပ်လုပ်တဲ့ စရိတ်ကတော့ ရေစွမ်းအင်က အပေါဆုံးပါ။ ဒုတိယကတော့ သဘာဝဓါတ်ငွေ့ တာဘိုင်စက်ရုံပါ။ (သူတို့မှာ ညူကလီးယား စက်ရုံမရှိသေးတဲ့အတွက် အဲဒီအတွက်တော့ မပြောနိုင်ပါဘူး။ ထုပ်လုပ်မှုစရိတ်က သဘာဝရုပ်ကြွင်းလောင်စာသုံး စက်ရုံတွေထက် သက်သာပါတယ်။)အကြမ်းဖျင်း ကိန်းဂဏန်းအရ လျှပ်စစ် ၁ ယူနစ် (နာရီကီလိုဝပ်)ထုပ်လုပ်မှု ကုန်ကျစရိတ်က တော့ ထိုင်းဘတ်အနေနဲ့ ရေ - ၁.၅၊ ဂစ်စ် ၄.၀၊ လေ ၈.၀ နဲ့ နေ က ၁၂.၀ လောက် ကျသင့်ပါတယ်။ (ဒီကနေ့ ၁ ဘတ်ကို ၃၆ ကျပ်လောက် ပေါက်နေပါတယ်။)

၂။ သဘာဝစွမ်းအင် ထုပ်လုပ်ဖို့ ရေ၊မြေ အနေအထား အကောင်းဆုံးမှာ မရှိပါဘူး။ လေစွမ်းအင် စီးပွားဖြစ် ထုပ်လုပ်နေတဲ့ တစ်ချို့ ဥရောပနိုင်ငံနဲ့ နှိုင်းယှဉ်ရင် မြန်မာတစ်ပြည်လုံးရဲ့ ပျမ်းမျှလေတိုက်နှုန်းနဲ့ တိုက်ခတ်မှု ပုံစံက လေစွမ်းအင်အတွက် အားရစရာ မရှိပါဘူး။ ဆိုလာစွမ်းအင် အနေနဲ့ အီကွေတာနဲ့ နီးလို့ နေရဲ့ပြင်းအားကောင်းသော်လည်း မုတ်သုန်ရာသီဥတု ရရှိတဲ့၊ မီုးများပြီး တီမ်ထူတဲ့ အောက်မြန်မာနိုင်ငံမှာတော့ နေရောင်ကျရောက်ချိန် နည်းနေပြန်ပါတယ်။ (တကယ်တော့ ကမ္ဘာ မှာ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ဖို့ အသင့်တော်ဆုံး ဒေသတွေကတော့ ကန္တာရ ဒေသတွေပါ။ နေရောင်ကျရောက်ချိန် များပြီး သာမာန်အားဖြင့်လည်း တစ်ခြားဘာမှလုပ်လို့ မရတဲ့ ပေါများတဲ့မြေ နေရာ ဖြစ်နေလို့ပါ။)

၃။ Municipal and Government Infrastructure Support ကလည်း သိပ် Favorable မဖြစ်သေးပါဘူး။ ဥပမာ တစ်ခု အနေနဲ့ သူတို့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ သင့်ရဲ့ ပိုလျှံတဲ့ လျှပ်စစ်စွမ်းအင်တွေကို နီးစပ်ရာ အစီုးရ၊ ပုဂ္ဂလိက တွေရဲ့ မဟာဓါတ်အားလိုင်း တွေထဲကို ပို့ပြီး ရောင်းလို့ရပါတယ်။ သင့်မှာ ဆိုလာစနစ်ရှိတယ် ဆိုပါဆို့။ နေ့ဘက်မှာ သိပ်အသုံးမရှိတဲ့ အတွက် ပိုနေပါလိမ့်မယ်။ ညဘက်မှာတော့ သင့်ရဲ့ ဆိုလာပြားက ဘာစွမ်းအင်မှ ထုပ်လို့မရတော့ပါဘူး။ အဲဒီအခါမှာ မီးထွန်းဖို့၊ ထမင်းဟင်းချက် ဖို့စွမ်းအင်ကို မဟာဓါတ်အားလိုင်းဆီက (သင်ရောင်းတဲ့ဈေးထက် အနည်းငယ် မြင့်တဲ့ဈေးနဲ့ ပြန်ဝယ်ရပါမယ်။) ပြန်အသုံးချရပါတယ်။ တကယ်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီစနစ်မရှိဘူး ဆိုရင်တော့ စွမ်းအင် သိုလောင်တဲ့စနစ် တစ်ခုကို ထပ်ပြီး ရင်းနှီးမြုပ်နှံရအုံးမှာပါ။ အဲဒါကတော့ ဘက်ထရီပါ။(ဒီစရိတ်က ဘက်ထရီ မရှိတဲ့ စနစ်တစ်ခုလုံးစရိတ်ထက် ၁၀၀ % နီးပါးတက်လာအုန်းတဲ့ အပြင် အသုံးပြုမှု သက်တမ်းကလည်း တိုလာအုန်းမှာပါ။ ဆိုလာပြား သက်တမ်းကတော့ ၁၀ နှစ်လောက်ရှိတဲ့အတွက် ပြသာနာ သိပ်မရှိပါဘူး။ ၁၀ နှစ်ကြာတဲ့ အချိန်မှာ ဆီလီကွန် ဆိုလာပြားဈေးနှုန်းကလည်း ခေါက်ချိုးမက ကျသွားမှာပါ။)

၎။ ဝန်ဆောင်တပ်ဆင်ပေးသူ နဲ့ သုံးစွဲသူ ရဲ့ နည်းပညာ ဆိုင်ရာအားနည်းမှုပါ။ လေဒလက် တပ်လို့မှ သိပ်မကြာသေးပါဘူး။ မုတ်သုန်အဝင် လေကြမ်းလို့ စက်ပိုင်းမှာ ဒလက်၊မော်တာနာသွားတာနဲ့။ လျှပ်စစ်ပိုင်းမှာ မီးအဝင်ကြမ်းပြီး ပြသာနာပေးတာနဲ့။ နေစွမ်းအင် ကျတော့လည်း တပ်ဆင်မှု နေရာနဲ့ အနေအထား အကောင်းဆုံး မရတာ။ ဆိုလာပြား ကို ထိမ်းသိမ်းမှုနည်းလို့ စွမ်းအားပြည့် မရတာ။ ဒါက ပြသာနာ တစ်ချို့ပါ။

ဒါဆိုရင် ကျွန်တော်တို့ ရဲ့ရွေးချယ်စရာ လမ်းက မရှိတော့ပြီလား။ အစိုးရရဲ့ လျှပ်စစ်စနစ်က အားထားမရတော့ အခုလက်ရှိတော့ တစ်နိုင်တစ်ပိုင် ပုဂ္ဂလိက မီးပေးစနစ် ပဲ အားကိုးနေရ အုံးမှာပါ။ တစ်ချို့ဒေသတွေ မှာဆို ဒီဇယ်ဈေးအတိုင်း လျှပ်စစ်ဈေးက ပေါက်နေတာပါ။ ဒီဇယ် တစ်လီတာ ၁၂၀၀ ကျပ် ဆိုရင် မီးဈေး တစ်ယူနစ် ၁၂၀၀ ကျပ်ပေါ့။ တကယ်တမ်း ထုပ်လုပ်မှု ကုန်ကျစရိတ်က(ရင်းနှီးမြုပ်နှံမှုမပါဘဲ) ဆီဈေးရဲ့ တစ်ဝက်လောက် ဘဲ ရှိပါတယ်။ (စကားမစပ် ပုဂ္ဂလိက မီးပေးတဲ့သူကိုပဲ အမြတ်ကြီးစားတယ် လို့ ပြောလို့ မရပါဘူး။ ဒီပြသာနာ ရဲ့ အဓိက ဇတ်ကောင် က အုပ်ချုပ်သူ ကောက်ရိုးပုံ စောင့်ခွေးပါ။ ကိုယ်တိုင်လည်း လုပ်မပေးနိုင်ပါဘူး။ - တကယ်တော့ လုပ်ပေးနိုင်ပါတယ်။ တစ်နှစ် ဒေါ်လာ သန်း ၂၀၀၀ ဂစ်ရောင်းလို့ ပိုတဲ့ငွေနဲ့ မြန်မာတစ်ပြည်လုံး ဟောင်းနွမ်းပြီးသုံးမရတော့တဲ့ ဓါတ်အားစနစ်ကို ပြန်အဆင့်မြင့်လို့ရပါတယ်။ လောင်စာကလဲ သူတို့ရဲ့ ဓတ်ငွေ့တွေ ပေါမှပေါပါပဲ။ ဒါပေမယ့် တစ်ကယ်တမ်း ဒီငွေတွေတစ်ဝက်လောက်က သူတို့ရဲ့လုပ်ထားတဲ့ငွေလဲနှုန်းဈေးနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ငွေစာရင်းထဲကို ရောက်သွားပြီး ကျန်တာတွေက တပ်မတော် စရိတ်ကို ရောက်သွားပြန်ရော။ - တရားမဝင် ဒေသ နားလည်မှုနဲ့ပဲ သူတို့နဲ့ အလွမ်းသင့်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုပဲ ပွင့်လင်းတဲ့ ပြိုင်ဆိုင်မှု၊ တင်ဒါတွေ မရှိပဲ မီးပေးလုပ်ငန်းကို လုပ်ခိုင်းထားတာပါ။ မရေရာမှုနဲ့ ရင်းနှီးမြုပ်နှံမှု စရိတ် အမြန်ဆုံးပြန်ရအောင်လုပ်ဖို့ရယ်။ ဒီကြားထဲမှာ သူတို့ရဲ့ ဋ္ဌာနဆိုင်ရာတွေကို အလကားပေးထားတဲ့မီးရယ်၊ လက်ဖက်ရည်ဖိုး - ဒီလက်ဖက်ရည်ဖိုးနဲ့ပဲ တိုက်တွေဆောက်ကြတာ မနည်းတော့ပါဘူး - တွေကြောင့် ပုဂ္ဂလိက မီးဈေးက ဒီလောက် ဖြစ်နေတာပါ။

ဒီတော့ လောလောဆယ် ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်တာကတော့ စွမ်းအင်ချွေတာရေး လုပ်ဖို့ပါပဲ။ သင့်ရဲ့မီးချောင်းတွေ။ တီဗွီ၊ ရေခဲသေတ္တာ တွေကို စွမ်းအင် Efficiency ပိုရှိတဲ့ ဟာနဲ့အစားထိုးတာတွေ၊ အသုံးမလိုတဲ့ နေရာမှာ မလိုအပ်တဲ့ မီးတွေပိတ်ထားဖို့ ဆိုတာတွေ လုပ်နိုင်ပါတယ်။

ဒီလောင်စာ ပြသာနာကြောင့် ကျွန်တော်တို့ ရဲ့လူနေမှုစရိတ်။ ငွေဖောင်းပွမှုတွေ အများကြီးလိုက်တက်လာ ဖို့ ရှိပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဟိုတစ်လောက သတင်းစာ ထဲမှာ ပါသလို နွားနဲ့ ’မီးထွန်း’ ဖို့ ကိုတော့ မစဉ်းစားကြပါနဲ့။ ဒါဆိုရင်တော့ နောက်ဆုံးမှာ သင်ကိုယ်တိုင် ဝင်ပြီး နွားဝင်လုပ်နေရမှာပါ။ :)

Read More......

Wednesday, March 12, 2008

အမေရိကန်ဒေါ်လာဈေးလတ်တလောထိုးကျ၊ ရေနံဈေးစံချိန်တင်

အမေရိကန်ဒေါ်လာဈေးလတ်တလောထိုးကျ၊ရေနံဈေးစံချိန်တင် မြန်မာ့စီးပွားရေးလောက၌အကောင်းအဆိုးဒွန်တွဲ ဖြစ်ပေါ်နိုင်သော်လည်းများစွာထိခိုက်မှုမရှိနိုင်ကမ္ဘာ့နိုင်ငံသုံး ငွေကြေးဖြစ်သည့် အမေရိကန်ဒေါ်လာပေါက်ဈေးသည် လတ်တလောသိသာစွာထိုးကျလာကြောင်းသိရသည်။ ယင်းသို့ အမေရိကန် ဒေါ်လာဈေးရုတ်တရက်ကျဆင်းလာခြင်းသည် ပြည်တွင်းစီးပွားရေးဈေးကွက် အတွင်း၌ ကောင်းသည့်အကျိုးရလဒ်များရှိသကဲ့သို့ နစ်နာမှုအခိျု့လည်းရှိနိုင် ကြောင်း သိရသည်။
Ref : Weekly Eleven

ရေနံဈေး တက်ရင် ဒေါ်လာဈေးကကျတယ်။ အမှန်ဆိုရင်အမေရိကန်ဒေါ်လာဈေးက ကျသင့်တာကြာပါပြီ။ အခုရုတ်တရက် ဒေါ်လာဈေးထိုးကျလာတဲ့အတွက် မြန်မာစီးပွားရေးလောကအပေါ်သက် ရောက်မှုအနေနဲ့ဆိုရင် အကောင်းအ ဆိုးနှစ်မျိုးလုံးဖြစ်ပေါ်နိုင်ပါတယ်။ လက်ငင်းငွေလဲလှယ်နှုန်း အပြောင်း အလဲကြောင့် အရှုံးရှိနိုင်သလို အမြတ် လည်းရှိနိုင်ပါတယ်။ နှစ်လမ်းသွား ပုံစံဖြစ်နေပါတယ်´´ဟုဆရာမောင်စူးစမ်း က သုံးသပ်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပ နိုင်ငံများနှင့် ကုန်သွယ်မှုပြု လုပ်ရာ၌ ဒေသတွင်းနိုင်ငံများနှင့်သာ အဓိက ထားကုန်သွယ်မှုပြုလုပ်နေပြီး အမေ ရိကန်နိုင်ငံနှင့် တိုက်ရိုက်ကုန်သွယ်မှု မရှိသဖြင့် ယခုကဲ့သို့ ဒေါ်လာဈေး ထိုးကျသွားခြင်းသည်မြန်မာစီးပွားရေး လုပ်ငန်းအပေါ် များစွာထိခိုက်မှု မရှိ နိုင်ကြောင်း ကျွမ်းကျင်သူစီးပွားရေး ပညာရှင်များက သုံးသပ်သည်။
``အခုလက်ရှိ အမေရိကန်ဒေါ် လာဈေးကသိသိသာသာထိုးကျသွား တယ်။ စီးပွားရေးလုပ်ငန်းရှင်အများ စုကလည်းအခုလိုဒေါ်လာဈေးထိုး ကျသွားခြင်းအပေါ် များစွာစိတ်ဝင် စားမှုရှိနေပါတယ်။ ဒေါ်လာဈေး ကျပေမယ့် ပြည်ပကနေအမေရိကန် ဒေါ်လာနဲ့တင်သွင်းရောင်းချနေတဲ့ ကုန်ပစ္စည်းပိုင်းကတော့ ဈေးကျဖို့ အလားအလာမရှိပါဘူး။ အကြောင်း က သူတို့ပစ္စည်းမှာယူတဲ့အချိန်မှာ ပေါက်တဲ့ငွေကြေးဈေးနှုန်းအတိုင်းပဲ တွက်ချက်ရောင်းမှာဖြစ်တဲ့အတွက် အရှုံးမရှိနိုင်ဘူး´´ဟု စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ဆိုပါသည်။ လတ်တလောလပိုင်း ကာလများ အတွင်းအမေရိကန်ဒေါ်လာသည်ကမ္ဘာ့ အထင်ကရငွေကြေးကြီး ခြောက်မျိုး (အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန် ယန်း၊ ဗြိတိန်ပေါင်၊ ကနေဒါဒေါ်လာ၊ ဆွစ်ဖ ရန့်) နှင့်လဲလှယ်ရာတွင် ထိုး ကျလာခဲ့ကြောင်းသိရှိရပါသည်။ ပြီးခဲ့သည့် သီတင်းပတ်တနင်္လာ နေ့တွင်အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်းငွေ ၁ဝ၃ ယန်းဖြင့် ဈေး ပေါက်ခဲ့ရာ ၃ နှစ်အတွင်း(၂ဝဝ၅ ဇန်နဝါရီနောက်ပိုင်း) အနိမ့်ဆုံးဖြစ်ခဲ့ ပါသည်။ အလားတူ ဆွစ်ဖရန့်ငွေနှင့် လဲလှယ်ရာတွင်လည်းဒေါ်လာစံချိန်တင် ကျဆင်းမှုများဖြစ်ပေါ်ခဲ့သည်။ ဒေါ် လာရှော့ခ်ဖြစ်ပြီး ဝေါလ်စထရိတွင် ရှယ်ယာများရောင်းထုတ်ကြရာအာရှ စတော့ဈေးကွက်များ ပြိုလဲသွားခဲ့ ကြောင်းလည်း သိရသည်။ ရင်းနှီး မြှုပ်နှံသူများက အန္တရာယ်ကင်းဘေး ရှင်းရာကုန်စည်များ အပြေးအလွှား ဝယ်ယူသိုလှောင်ကြရာ ရွှေဈေးမှာ လည်း တစ်အောင်စလျှင် ဒေါ်လာ ၉၈ဝ အထိရောက်ရှိလာခဲ့သည်။
ဆက်လက်၍ ဒေါက်တာခင် မောင်ညိုက``အခုလိုဒေါ်လာဈေးလတ် တလောထိုးကျသွားခြင်းကြောင့်မြန်မာ့ စီးပွားရေးလောကအတွက်များစွာထိ ခိုက်မှုမရှိနိုင်ပါဘူး။ ဆိုးကျိုးနည်း ပြီးကောင်းကျိုးများတယ်လို့ပြောရ မှာပါ။ မြန်မာပိုက်ဆံဈေးတတ်လာ တဲ့သဘောပါ။ အခုလိုဒေါ်လာဈေး ကျသွားတဲ့အချိန်မှာ ကမ္ဘာ့ရေနံဈေး ကစံချိန်တင်ဈေးမြင့်သွားတဲ့အတွက် ရေနံကိုဈေးပိုပေးပြီးဝယ်ရမယ်ဆိုပေ မယ့်တစ်ဖက်ကကြည့်ရင် ဒေါ်လာ ဈေးကျသွားပြီး မြန်မာငွေတက်လာ တဲ့အတွက်သိပ်တော့ထူးခြားမှုမရှိပါ ဘူး ပုံမှန်အတိုင်းပါပဲ။ အမေရိကန် စီးပွားရေးက ခိုင်မာမှုကိုအခြေခံထား တဲ့အတွက် တိုင်းပြည်အများစုက ဒေါ်လာကို အခြေခံထားကြတယ်။ ဒါ့ကြောင့် အခြေခံတဲ့နိုင်ငံတွေက ထိ ခိုက်မှုရှိပါတယ်။ ဒေါ်လာဈေးကဒီ ထက်အများကြီးမကျနိုင်ပါဘူး။ မတ် လနောက်ပိုင်းမှာပြန်တက်ဖို့အလား အလာရှိပါတယ်။ လက်ရှိအမေရိကန် မှာရွေးကောက်ပွဲရှိတဲ့အတွက်ရွေးကောက် ပွဲပြီးရင်ဒေါ်လာဈေးကပြန်တက်လာ ဖို့များပါတယ်။ ဒေါ်လာဈေးကျသွား တဲ့အတွက်အမေရိကန်အနေနဲ့လည်း ထိခိုက်မှုသိပ်မရှိနိုင်ပါဘူး။ ဒေါ်လာ ဈေးကျတဲ့အတွက်အမေရိကန်ရဲ့အား သာချက်က တရုတ်ကိုစီးပွားရေးယှဉ် ပြိုင်တဲ့အတွက် အခုလိုဒေါ်လာဈေး ကျသွားခြင်းကြောင့်အမေရိကန်ထုတ် ပစ္စည်းအများစုကို နိုင်ငံအများစုက ဈေးနှုန်းချိုသာစွာနဲ့ဝယ်ယူနိုင်မယ်။ လက်ရှိမှာ တရုတ်ပစ္စည်းတွေကဈေး နှုန်းသက်သာမှုရှိတဲ့အတွက် နိုင်ငံ အများစုရဲ့ဈေးကွက်ထဲမှာပေါများစွာ တွေ့ရပြီး အမေရိကန်ပစ္စည်းကဈေး မြင့်တဲ့အတွက်နိုင်ငံတကာမှာ တရုတ် ပစ္စည်းလောက်ပေါများစွာ မတွေ့ရ ဘူး။ အခုလိုဒေါ်လာဈေးကျသွားတဲ့ အတွက် အမေရိကန်ပစ္စည်းကိုပိုပြီး ဝယ်နိုင်စရာအကြောင်းရှိပါတယ်´´ဟု သုံးသပ်ပြောကြားခဲ့ပါသည်။
အမေရိကန်စီးပွားရေး ရီဆက် ရှင်းကာလနီးလာခြင်း၊ အမေရိကန် ဗဟိုဘဏ်ကအတိုးနှုန်းကိုဆက်လက် လျှော့ချဖွယ်ရှိနေခြင်းတို့မှာလည်း ဒေါ်လာဈေးကျဆင်းမှု နောက်ကွယ် မှတွန်းအားများဖြစ်လာခဲ့ပါသည်။ ``ရင်းနှီးမြှုပ်နှံသူတွေကဗဟိုဘဏ်အပေါ် အယုံအကြည်နည်းလာရင်အက်ဆက် တွေကို ဝယ်ချင်လာကြတာပဲ။ ရင်း နှီးမြှုပ်နှံသူတွေကိုကုန်စည်တွေဘက် လှည့်လာကြတယ်။ ပြဿနာကအဲဒီ မှာရောင်းတဲ့သူမရှိဘူးဖြစ်နေတယ်။ ဆိုလိုတာက အနာဂတ်မှာ ဈေးတွေ တက်တော့မယ်ပေါ့´´ဟုရေနံရေးရာ ကျွမ်းကျင်သူနှင့် တစ်သီးပုဂ္ဂလ စီးပွားရေးပညာရှင် Philip Verleger ကThe Financial Times သို့ပြော ကြားခဲ့သည်။ ရေနံဈေးမြင့်တက်လာ မှုသည်ရှိရင်းစွဲ အမေရိကန်ကုန် သွယ်ရေးလိုငွေ ပြမှုကို မြင့်သထက်မြင့်အောင် ဖန်တီးပေး နေရာကမ္ဘာတစ်ဝန်း အမေရိကန် ဒေါ်လာအလျှံပယ်ဖြစ်မှု flooding ပေါ်လာသည်။ နောက်ဆုံးတွင်အမေ ရိကန်မှာပို့ကုန်ထက်သွင်းကုန်ကပိုမို ပိုလျှံလာသည်။ သို့ဖြင့်အမေရိကန်၏ နိုင်ငံခြားငွေကြေးလိုအပ်ချက်မြင့်တက်ပြီး ဒေါ်လာဈေးကထိုးကျမှုဖြစ်လာခဲ့သည်။ ``ကျွန်တော်တို့က မရှိနိုင်တဲ့ demand ကိုရောက်အောင်တိုးတိုးပြီး လိုအပ်နေမှာမို့ အိုပက်အနေနဲ့လည်း ထုတ်လုပ်မှုကို တိုးမြှင့်ဖွယ်အနေအ ထားမရှိပါဘူး´´ဟုအိုပက်ဥက္ကဋ္ဌChakib Khelil က သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင်ပြောပါသည်။ တစ်ချိန် တည်းတွင်အမေရိကန်အစိုးရကမူ ရေနံတိုးထုတ်ခြင်းဖြင့် ဈေးကျသွား မည်ဆိုသောအယူအဆကို ဆက် လက်ကိုင်စွဲတောင်းဆိုနေဆဲ ဖြစ်ကြောင်းလည်းသိရပါသည်။
လတ်တလော ကမ္ဘာ့ပထဝီ နိုင်ငံရေးတင်းမာမှုများကလည်းရေနံ ဈေးကို လှုပ်ခတ်စေခဲ့ပြန်သည်ဟုဆို ပါသည်။ ဆိုမာလီအခြေစိုက်အယ်လ် ကေးဒါးခေါင်းဆောင်ကိုအမေရိကန် ကလေကြောင်းထိုးစစ်ဆင်နေသည်။ အိုပက်အဖွဲ့ဝင်များဖြစ်သည့် ဗင်နီဇွဲ လား၊ အီကွေဒေါနှင့်ကိုလံဘီယာတို့ ကြားနိုင်ငံရေးတင်းမာမှုပြဿနာများ ရှိနေပြီး စစ်ပြင်ဆင်နေကြကြောင်း လည်းသိရသည်။ဘဏ္ဍာရေးဆိုင်ရာ မကျေလည်မှုများအကြောင်းပြပြီးဓာတ် ငွေ့ပို့လွှတ်မှုရုရှားကိုဖြတ်တောက်ခဲ့ရာ မော်စကိုနှင့်ဓာတ်ငွေ့စစ်ပွဲဆင်နွှဲမည် ဟု ယူကရိန်းသမ္မတက စိန်ခေါ်ပြော ကြားခဲ့သည်။ မင်းသန်းထိုက်၊ သီတာဝင်း

Read More......

Saturday, January 5, 2008

၂ဝဝ၇ ခုနှစ်အတွင်း အထင်ရှား ဆုံးသိပ္ပံနယ်ပယ်မှ ရှာဖွေတွေ့ရှိမှုများ

TECHNOLOGYွှ
၁။ Apple iPhone (မိုဘိုင်းလ်ဖုန်း) - iPhone ပေါ်ပေါက်လာခြင်းသည် မိုဘိုင်းလ်ဖုန်း လောကကို တစ်ခေတ်ဆန်းစေခဲ့သည်။ ဖုန်းကိုင်ဆောင်သည့် အနေအထားပေါ်မူတည်၍ ဖန်သား ပြင်ပေါ်ရှိ ပုံရိပ်ယောင်ခလုတ်များ အလိုက်သင့်ပြောင်းလဲသွားနိုင်မှု၊ 2 Mega Pixel ရှိ ကင်မ ရာ၊ ကြိုးမဲ့အင်တာနက် ချိတ်ဆက်သုံးစွဲနိုင်မှုနှင့် E-mail အသုံးပြုနိုင်မှု စသည့် နည်းပညာခေတ် လိုအပ်ချက်အားလုံးကို စက်ကိရိယာတစ်ခုတည်းတွင် ထည့်သွင်းထားနိုင်မှုကြောင့် ယခုနှစ် အတွင်း အထင်ရှားဆုံးနည်းပညာမြင့်ပစ္စည်းဖြစ်ခဲ့သည်။
၂။ Nikon Coolpix S51c (ကင်မရာ) - 8 Mega Pixel ရှိ Nikon ကင်မရာသည် သေးငယ်ပေါ့ပါးသလို၊ ရိုက် ကူးထားသော ပုံများ ကင်မရာအတွင်းရှိ Memory Card အတွင်းမဆံ့မည်ကို ပူစရာမလိုဘဲ ကြိုးမဲ့စနစ်ဖြင့် အင်တာ နက်ချိတ်ဆက်ကာ ဝက်ဘ်ဆိုက်၊ ဘလော့ဂ် (သို့မဟုတ်) အီးမေးလ်တစ်ခုအတွင်းသို့ ပေးပို့သိမ်းဆည်းထားနိုင်သည်။
၃။ Netger SPH200W Wi-Fi Skype Phone (အင်တာနက် ဖုန်း) - Skype ဖုန်းကို ယခင်က အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာဖြင့်သာ ပြောနိုင်ရာမှ ယခုအခါ အင်တာနက်ဖုန်းနှင့် မိုဘိုင်းလ်ဖုန်းစနစ် နှစ်မျိုးသုံးနိုင်သော Skype ဖြင့် ကမ္ဘာတစ်ဝန်း မိုဘိုင်းလ်ဖုန်းခေါ်ဆိုနှုန်းထက် ချိုသာစွာဖြင့်ပြောဆိုနိုင်မည်ဖြစ် သည်။ သို့ရာတွင် Wi-Fi စနစ်ကို Skype ဖုန်းအချင်းချင်းတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး သာမန်မိုဘိုင်းလ်ဖုန်းသို့ခေါ်ဆိုပါက ပုံမှန် ဖုန်းခေါ်ဆိုခအတိုင်း ကျသင့်မည်ဖြစ်သည်။
[ဆေးပညာနယ်ပယ်မှ ရောဂါဘယထိန်းချုပ်နိုင်မှုနှင့် တီထွင်မှုများ၊ နည်းပညာနယ်ပယ်မှ နည်းပညာမြင့်ပစ္စည်းများအနက်မှ ထင်ရှားသည်များကို ရွေးချယ်ဖော်ပြအပ် ပါသည်။ နည်းပညာမြင့်ပစ္စည်းများထဲမှ မိုဘိုင်းလ်ဖုန်း၊ ကင်မရာ၊ ကွန်ပျူတာ၊ သီချင်းဖွင့်စက်၊ ကလေးကစားစရာစသည်တို့တွင် အမျိုးအစားတစ်ခုချင်းအလိုက် ထင်ရှားမှု၊ ဈေးနှုန်းနှင့် သုံးစွဲရအဆင် ပြေမှုအပေါ်မူတည်၍ တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်ထားခြင်းဖြစ်သည်။]

၎။ Palm Centro - တစ်ကိုယ်ရည်သုံး အချက်အလက်သိုမှီး စက်ငယ် Personal Data Assistant (PDA) များထဲတွင် အင် တာနက်၊ အီးမေးလ်၊ text massage ပေးပို့နိုင်ခြင်း၊ ဂူးဂဲလ် မြေပုံကြည့်ရှုနိုင်ခြင်း၊ ကင်မရာပါရှိခြင်းတို့ကြောင့်အကောင်း ဆုံး စာရင်းဝင်ခဲ့သည်။
၅။ Sony Handycam HDR-CX7 (ဗီဒီယိုကင်မရာ) - အပျော်တမ်းရုပ်သံကင်မရာများထဲ တွင် ဆိုနီ၏ CX7 မှာ သယ်ဆောင်ရပေါ့ပါးခြင်း၊ သိုမှီးနိုင်စွမ်းမြင့်မားခြင်း၊ တုန်ခါမှုရှိနေစဉ်တွင်ပင် ပုံရိပ်များကိုတည်ငြိမ်အောင် အလို အလျောက်ထိန်းပေးနိုင်ခြင်း စသည်တို့ကြောင့်ထင်ရှားသည်။
၆။ Samsung P2 (ဖျော်ဖြေရေးစက်) - ဒီဗီဒီ၊ ဗီစီဒီ၊ အမ်ပီသရီး၊ ဓာတ်ပုံစသည့် ဖိုင်မျိုးစုံ ကြည့်ရှု၍ ရနိုင်သည့် ဖျော်ဖြေရေးစက်ငယ်သည် မျက်နှာပြင် ထိတွေ့ခလုတ်ရှင် (touch screen) ပါဝင်သောကြောင့် ခလုတ်အတွက်နေရာ ကျယ်ပြန့်စွာပေးရန် မလိုတော့ပေ။ အင်တာ နက်နှင့်ချိတ်ဆက်၍ သီချင်းများ download လုပ်၍လည်းရနိုင်သည်။
၇။ Toshiba Portégé R500-S5004 (ခရီးဆောင်ကွန်ပျူတာ) - ပါးလွှာ၍ပေါ့ပါးသော တိုရှီဘာခရီးဆောင် ကွန်ပျူတာ (Laptop)တွင်ဒီဗီဒီကူးယူခြင်း၊ ကြိုးမဲ့စနစ်သုံးနိုင်ခြင်းနှင့် အခြါးနည်းပညာမြင့် Laptop များကဲ့သို့ အဆင့်မြင့်လုပ်ဆောင်ချက် များစွာပါဝင်သလို ပြုတ်ကျ လျှင်လည်း တေ့ဆက်ချိတ်ဆက်တည်ဆောက်ထားခြင်းကြောင့် မကွဲနိုင်ဘဲ အလေးချိန်မှာ နှစ်ပေါင် သာသာမျှလေးသည်။
၈။ Fly Tech Dragonfly (ကစားစရာ) - အဝေးထိန်းခလုတ်ငယ်ဖြင့် ထိန်းချုပ်ဆော့ကစား ရသော ပုစဉ်းကောင်ပုံ စက်ရုပ်ငယ်သည် ကလေးများအတွက် နှစ်သက်စရာအကောင်းဆုံး နည်းပ ညာမြင့်ပစ္စည်းတစ်မျိုးဖြစ်သည်။
၉။ Iomega eGo Portable Hard Drive (ကွန်ပျူတာဆက်စပ်ပစ္စည်း) - ၁၆ဝ ဂီဂါဘိုက်ရှိ သယ်ဆောင်၍ရသော Hard Drive တွင် ဒစ်ဂျစ်တယ်ဓာတ်ပုံ ၆၄ဝဝဝဝ၊ ဂီတ နာရီ ၂၉ဝဝ (သို့မဟုတ်) ဗီဒီယို နာရီ ၂၄ဝ စာထည့်သွင်း သိုမှီးထားနိုင်သော eGo သည် မတော်တဆထိခိုက်မိလျှင်ပင် အတွင်းရှိသိုမှီထားသည်များ မပျက်စီးနိုင်ပေ။
၁ဝ။ Belkin N1 Vision Wi-Fi Router (ကွန်ရက်ဆင့်ပွားသုံးစက်) - လက်ရှိသုံးစွဲနေ သော G မျိုးဆက် Router များထက် အချက်အလက်သယ်ဆောင်ပေးမှုမြန်ဆန်သော N မျိုး ဆက် Router သည် ၎င်းမှဆင့်ပွားချိတ်ဆက်ထားသော ကွန်ပျူတာများတွင် အင်တာနက်သုံး၍ ဘာလုပ်နေသည်ဆိုသည်ကိုပါ ဆာဗာမှတစ်ဆင့် စစ်ဆေးနိုင်သည်။ သုံးစွဲနေဆဲ G မျိုးဆက် Adapter များနှင့်လည်း ချိတ်ဆက်သုံးစွဲနိုင်သည်။

HEALTH NEWS OF THE YEAR
ဆေးပညာနှင့် ကျန်းမာရေးနယ်ပယ်တွင်ထင်ရှားခဲ့သော ဆေးထုတ်လုပ်မှု၊ ကုသမှုနှင့် သတင်း ဖြစ်စဉ်များကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။
၁။ အရေပြားကလာပ်စည်း (skin cell) မှ ပင်မကလာပ်စည်း (stem cell) ထုတ်ယူနိုင်ခြင်း - ပင်မကလာပ်စည်း stem cell မှတစ်ဆင့် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းမဆို ဖန်တီးနိုင်သည့်နည်းကို တွေ့ရှိခဲ့ရသော်လည်း ယင်းပင်မကလာပ်စည်းထုတ်ယူနိုင်ရန် သန္ဓေသားကို ဦးစွာဖန်တီးရမည်။ ပင်မကလာပ်စည်းထုတ်ယူလိုက်သောအခါ သန္ဓေသားသေဆုံးခြင်းကြောင့် လူ့ကျင့်ဝတ်အရသာမက ဥပဒေကြောင်းအရပါ ကမ္ဘာကလက်မခံခဲ့ပေ။ နိုဝင်ဘာလ အတွင်း ကမူ အရေပြားကလာပ်စည်း skin cell သန္ဓေသားပင်မကလာပ်စည်းကဲ့သို့ဖြစ်လာစေရန် ပြုပြင် နိုင်သည့်နည်းကို တွေ့ရှိခဲ့သောကြောင့် အနာဂတ်တွင် ကျင့်ဝတ်ပိုင်းနှင့် ဥပဒေပိုင်းအရမငြိစွန်းဘဲ ခန္ဓာကိုယ်အစိတ်အပိုင်း ဖန်တီးခြင်းပြုလုပ်နိုင်တော့မည်ဖြစ်ပြီး ယခုနှစ် ဆေးပညာသိပ္ပံနယ်ပယ်တွင် အကြီးမားဆုံးအောင်မြင်မှုဖြစ်သည်။
၂။ အဆိပ်ဖြစ်စေနိုင်သော ဓာတ်သတ္တိပါရှိသော အရုပ်များပြန်သိမ်းခြင်း - Mattel အရုပ်ကုမ္ပဏီ က ကမ္ဘာတစ်ဝန်းတွင် ရောင်းချပြီးသောအရုပ် ၁၈ သန်းကျော်ကို အဆိပ်ဖြစ်စေနိုင်သော ဓာတ်ရှိသည့် သံလိုက်များပါသွားခဲ့ခြင်းကြောင့် ပြန်သိမ်းခဲ့ရသည်။
၃။ ပထမဆုံးလူတွင်ဖြစ်သော ကြက်ငှက်တုပ်ကွေးကုသဆေး - ယခုနှစ်တွင် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး(FDA)က ပထမဆုံး လူတွင်ဖြစ်ပွားသော ကြက်ငှက်တုပ်ကွေး ကုသဆေးတစ်မျိုးကို အတည်ပြုပေးခဲ့သည်။ လူသားတွင်တွေ့ရှိရသော ကြက်ငှက်တုပ်ကွေးရောဂါပိုးမှ ဖန်တီးထားသောဆေးကို ဝယ်ယူ၍ရမည်မဟုတ်ဘဲ အရေးပေါ်အခြေအနေများတွင်သုံးစွဲရန် အမေရိကန်အစိုးရက ရည်ရွယ်ထားသည်။
၎။ တရားဝင်အသိအမှတ်ပြုကိုယ်အလေးချိန်ကျဆေး Alli - FDA က ပထမဆုံးအတည်ပြုထား သော ကိုယ်အလေးချိန်ကျဆေး Alli(အလိုင်း)သည် အစားအစာအတွင်းရှိ အဆီများကို ချေဖျက် ပေးနိုင်ပြီး ခန္ဓာကိုယ်၏အဆီစုပ်ယူမှုကို ၃ဝ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်။ ဘေးထွက်ဆိုး ကျိုးအချို့ဖြစ်သော ဝမ်းလျှောခြင်း၊ လေတက်ခြင်း၊ ကြွက်တက်ခြင်းနှင့် အဆီပြန် ခြင်းတို့မဖြစ်စေရန် ကိုယ်အလေးချိန်လျှော့လိုသူများသည် အစားအသောက်ပုံစံပြင်ဆင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့နှင့် အတူ တွဲသောက်သင့်ကြောင်း ထုတ်လုပ်သည့် GlaxoSmith-Kline က ဆိုသည်။
၅။ ဆေးဒဏ်ခံတီဘီပျံ့နှံ့လာခြင်း - တီဘီကုသဆေးများဖြင့် ကုသ၍မပျောက်ကင်းသော တီဘီရော ဂါမျိုးသစ်များ ပျံ့နှံ့လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပြီး ဆေးပြင်းဒဏ်ခံ တီဘီရောဂါ (XDR TB) ဖြစ်ပွား သည့်နိုင်ငံမှာ ၄၁ နိုင်ငံအထိရှိသွားပြီဖြစ်သည်။
၆။ ယုန်၊ မျောက်ပုံတူမျိုးပွားမှုများ အောင်မြင်ခြင်း - တရုတ်နိုင်ငံတွင် ယုန်ပုံတူမျိုးပွားမှုအောင် မြင်ခဲ့သလို အမေရိကန်တွင်လည်း မျောက်ပုံတူမျိုးပွားမှုအောင်မြင်ခဲ့သည်။
၇။ မည်သည့်သွေးအမျိုးအစားကိုမဆို အိုသွေးသို့ပြောင်းလဲနိုင်ခြင်း - ဘက်တီးရီးယားများဖြင့် ထုတ်လုပ်ထားသော အင်ဇိုင်းတစ်မျိုးက မည်သည့်သွေးအမျိုးအစားကိုမဆို အိုသွေးသို့ပြောင်းလဲနိုင် ကြောင်း ဒိန်းမတ်မှပါမောက္ခတစ်ဦးက ဧပြီလတွင်တွေ့ရှိခဲ့သည်။

SCIENCE NEWS OF THE YEAR
၂ဝဝ၇ ခုနှစ်အတွင်း သိပ္ပံပညာဆိုင်ရာတွေ့ရှိမှုများ၊ တီထွင်မှုများအနက်မှ ထင်ရှားသော ဖြစ် ရပ်အချို့ကို စုစည်းဖော်ပြထားခြင်း ဖြစ်ပါသည်။
၁။ ကမ္ဘာ့ အသက်အကြီးဆုံး တိရစ္ဆာန်တွေ့ရှိမှု - အောက်တိုဘာလတွင် ဝေးလ်ပြည်နယ်ရှိဘန်ဂေါ တက္ကသိုလ်မှ ပညာရှင်များသည် အိုက်စလန်ကျွန်းမြောက်ပိုင်းကမ်းရိုးတန်းရှိ သမုဒ္ဒရာကြမ်းပြင်တွင် ရှင်သန်နေဆဲသတ္ဈဝါများထဲတွင် အသက်အကြီးဆုံးဟု ယူဆရသော အသက် ၄ဝ၅ နှစ်ရှိ ဂုံး (ခုံး) တစ်ကောင်ကို တွေ့ရှိခဲ့ရသည်။
၂။ ကြာသပတေးဂြိုဟ်အရွယ်အစားရှိ ဂြိုဟ်သစ်သုံးလုံးတွေ့ရှိ - နေစကြဝဠာပြင်ပတွင် ကြာသပတေးဂြိုဟ် အရွယ်အစားနီးပါးရှိသော ဂြိုဟ်သစ်သုံးလုံး တွေ့ရှိခဲ့ရပြီးသုံးလုံးစလုံးသည် ၎င်းတို့၏ နေများနှင့် နီးကပ်နေသောကြောင့် အပူချိန် ၂ဝဝဝ ဒီဂရီစင်တီဂရိတ်ထိရှိပြီး နေထိုင်၍ မရနိုင်ပေ။
၃။ ငှက်ဒိုင်နိုဆောကြီးများ၏ အရိုးစုတွေ့ရှိ - ဇွန်လအတွင်းက တရုတ်သိပ္ပံပညာရှင်များ သည် လွန်ခဲ့သော နှစ်သန်း၇ဝက ငှက်ဒိုင်နိုဆောများကို အတွင်းမွန်ဂိုလီး ယားဒေသတွင် တွေ့ရှိခဲ့သည်။ ပေါင် ၃ဝဝဝ ခန့်အလေးချိန်ရှိခဲ့မည်ဟု ခန့်မှန်းရသောကြောင့် မူလကလက်ခံထားသော ငှက်ဒိုင်နို ဆောများသည် အသားစားဒိုင်နိုဆောများထက် သေးငယ်ဖွယ်ရှိသည်ဆိုသော အယူအဆကို မရေမရာ ဖြစ်သွားစေခဲ့သည်။
၎။ သက်ရှိများရှိနေနိုင်သော ဂြိုဟ်တစ်စင်းတွေ့ရှိ - နေကို ၁၈ ရက်လျှင် တစ်ပတ်ပတ်နေပြီး ကျောက်ဆောင် ထူထပ်သော၊ ကမ္ဘာထက်အနည်းငယ်ကြီးသော သက်ရှိများရှိနေနိုင်သည်ဟုယူဆရ သည့် ဂြိုဟ်တစ်လုံးကို တွေ့ရှိခဲ့ သည်။
၅။ လူသားတို့သည် အာဖရိကမှ ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းအခြေချခြင်းဖြစ် - ၁၉၅၂ ခုနှစ်က တွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို လေ့လာခဲ့ခြင်းနှင့် ကမ္ဘာတစ်ဝန်းတူးဖော်ရရှိသော ကျောက်ဖြစ်ရုပ်ကြွင်းများကို နှိုင်းယှဉ်လေ့လာခြင်းအရ ခေတ်သစ်လူသားသည် လွန်ခဲ့သော နှစ် ပေါင်း ၆၅ဝဝဝမှ ၂၅ဝဝဝအတွင်း အာဖရိကမှ ကမ္ဘာတစ်ဝန်းသို့ ရွှေ့ပြောင်းအခြေချနေထိုင်ခဲ့ကြောင်း သိပ္ပံပညာရှင်များ အတည်ပြုခဲ့ကြသည်။
၆။ သံမဏိကဲ့သို့မာကျောပြီး ထွင်းဖောက်မြင်နိုင်သော သတ္တုဖန်တီး - မစ်ရှီဂန်တက္ကသိုလ်မှပညာ ရှင်များသည် သံမဏိကဲ့သို့ မာကျောပြီး ထွင်းဖောက်မြင်နိုင်သော သတ္တုတစ်မျိုးကို ဖန်တီးနိုင်ခဲ့ ကြောင်းအောက်တိုဘာလအတွင်းက ထုတ်ဖော်ခဲ့သည်။ ယင်းသတ္တုကို အလွန်သေးငယ်သော အမှုန်များစုစည်းခြင်းဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး အနာဂတ်တွင် လေယာဉ်ပျံများနှင့် စစ်သုံးယာဉ် များကို ယင်းသတ္တုဖြင့် ဖန်တီးနိုင်ရန် မျှော်လင့်ထားသည်။
၇။ ကမ္ဘာတစ်ဝန်း သက်ရှိမျိုးစိတ်သစ်များတွေ့ရှိ - အန္တာတိကရေအောက် ကြမ်းပြင်၊ အင်ဒိုနီးရှား ကျွန်းစုများ၊ ဗီယက်နမ်အပူပိုင်းအမြဲစိမ်းတောများ၊ အိန္ဒိယနိုင်ငံ ဂိုအာသဲကန္တာရ၊ တရုတ်တိုင်ပေ ကမ်းရိုးတန်းတို့တွင်ဖြစ်သည်။

Read More......

Tuesday, December 25, 2007

ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော်နေထိုင်လာသူ မြန်မာနှင့်လာအို ၃၅၀,၀၀၀ ကျော်ကို နိုင်ငံသားအဖြစ် စိစစ်ပေးမည်

ထိုင်းနိုင်ငံတွင်း အနည်းဆုံး ၁၀ နှစ်အနေကြာပြီဖြစ်ပြီး အထိုင်ကြနေပြီဖြစ်ကြတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက မြန်မာနဲ့လာအို တောင်ပေါ်တိုင်းရင်းသား ၃၅၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသားအဖြစ် စိစစ်သတ်မှတ်ပေးသွားမယ်လို့ လက်ရှိ ထိုင်းစစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး ဆုံတီ ဘွန်ညာရက်ကလင်က ပြောလိုက်ပါတယ်။

ထိုင်းစစ်ခေါင်းဆောင်ရဲ့ အခုလို ကြေညာချက်အရဆိုရင် ထိုင်းမှာ အနေကြာတဲ့ မြန်မာ တောင်ပေါ်တိုင်းရင်းသားတွေအတွက် ထိုင်းနိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်းတွေ ဘယ်လောက်အထိများ ရှိလာနိုင်ပြီလဲ၊ စုံစမ်းမေးမြန်းပြီး ဦးသားညွှန့်ဦးက တင်ပြထားပါတယ်။
23 December 2007 ဦးသားညွှန့်ဦး VOA News

ထိုင်းနိုင်ငံအတွင်း အိမ်နီးချင်းနိုင်ငံတွေကနေ တရားမ၀င် ၀င်ရောက်နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြသူတွေမှာ မြန်မာတိုင်းရင်းသားတွေက အများစု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်တလျှောက် အထူးသဖြင့် မြောက်ပိုင်းနယ်စပ်မှာ အတော်ကြာကြာ နေထိုင်ပြီး အခြေကျနေသူတွေကိုတော့ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တောင်ပေါ်သားကဒ်ဆိုပြီး နိုင်ငံသား အခွင့်အရေးအထိတော့မပေးဘဲ နေထိုင်ခွင့်ပုံစံ ထုတ်ပေးတာတွေတော့ ယခင်ကတည်းက ရှိခဲ့ပါတယ်။ အခုတော့ ဒီလို အခြေချနေထိုင်တာ ကြာမြင့်လာသူ မြန်မာနဲ့လာအိုနိုင်ငံသား ၃၀၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသား အခွင့်အရေးတွေ ပေးတော့မယ်ဆိုတော့ - အခုလို နိုင်ငံသားအဖြစ် လျှောက်ထားဖို့ရာ အခြားဘာတွေ လုပ်စရာလိုမလဲ၊ နောက် ဘယ်လောက် ခက်ခဲနိုင်မလဲ ဆိုတာတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ တောင်ပေါ်သားကဒ်နဲ့ နေထိုင်ခွင့်ရသူ ကိုအိုက်ထွန်းကို မေးကြည့်ပါမယ်။

“နိုင်ငံသားဖြစ်ဖို့အတွက် ချပေးတဲ့သူတွေက ထိုင်းနိုင်ငံကို ၀င်ရောက်လာတဲ့ ဒီ ထိုင်းခုနှစ်သက္ကရာဇ်နဲ့ဆိုရင် ၂၅၂၈ ခုနှစ်ကနေစပြီးတော့ စရောက်တဲ့သူတွေ၊ သန်းခေါင်စာရင်းတွေ စကောက်တဲ့အချိန်က အဲဒီလို အဲဒီခုနှစ်က စ၀င်တဲ့သူတွေ၊ သက်သေခံအထောက်အထား တစ်ခုကပေါ့နော်၊ အဲဒါရှိမှ စလုပ်ပေးတယ်။ နောက်တစ်ခုက အဲဒီ ခုနှစ်ရောက်အုံးတော့ အဲဒီလူတွေက ထိုင်းနိုင်ငံမှာ မွေးတာလား၊ မမွေးဘူးဆိုရင် ဘယ်လိုအချိန်ကနေ စရောက်လာတာလဲ၊ ဘယ်နေရာမှာ စရောက်လာတယ်၊ အဲဒီအပေါ်မှာ သူက ဆက်ပြန်ကြည့်တယ်။ နောက်တစ်ခါ - အိုကေ၊ အဲဒါတွေရှိအုံးတော့ ဒီ မြို့နယ်ရုံးကို တင်ပြမယ်ဆိုလို့ရှိရင် ထောက်ခံစာတွေ လိုပါသေးတယ်။ ရွာသူကြီး ထောက်ခံစာတို့၊ ထိုင်းနိုင်ငံမှာကြာနေတဲ့ သက်သေ အထောက်အထားတွေ ပေါ့နော်၊ ထိုင်းနိုင်ငံမှာ ဈေးရောင်းဈေးဝယ် လုပ်တာပဲဖြစ်ဖြစ် ဒီ အခွန်ဆောင်ထားတဲ့ သက်သေ အထောက်အထား၊ အဲဒါတွေလည်း လိုပါတယ်။ ပြီးတော့မှ မြို့နယ်တင်၊ မြို့နယ်တင်တဲ့အခါမှာလည်း ဒီမှာ မြို့နယ်ရုံးကို ပြည်ထဲရေးဌာနကို မရောက်ခင်မှာ အုပ်ချုပ်ရေးဌာနကနေတဆင့် စိစစ်ပါသေးတယ်။ စိစစ်ပြီးတော့မှ ခွင့်ပြုတော့မှ ပြည်ထဲရေးဌာန၊ နောက် ပြည်ထဲရေးဌာနကနေ ဒီ မြို့နယ်အဆင့် ခရိုင်အဆင့် အဆင့်ဆင့် သွားပြီးတော့မှ အဆင့်တွေကတော့ များတာပေါ့နော်။ ဒီကြားထဲမှာတော့ နည်းနည်းပါးပါး မျက်နှာပြ ကြည့်ပေးရတာတွေတော့ ရှိတာပေါ့၊ တစ်ခုစီမှာ အဲဒါမျိုးတွေ ဖြတ်ပြီးတော့မှ အဆင်ပြေမှ ဒီလူဟာ အဲဒီလိုမျိုး ရတာမျိုးတွေတော့ ရှိတယ်ဗျ။”

ဟုတ်ကဲ့ခင်ဗျ။ ကျနော် ဒီ သတင်းထဲမှာတွေ့တော့ ထိုင်းနိုင်ငံထဲမှာ အနည်းဆုံး ၁၀ နှစ်ရှိရမယ်လို့ ပြောထားတော့ ဒီဟာအပြင်ကို တော်တော်ခက်ခဲမယ့်ပုံစံ ဖြစ်နေတာပေါ့။ -

“ဟုတ်တယ်။ အဲဒီလို အခက်အခဲတွေ ရှိတယ်။ သူတို့ပြောတာကတော့ လွယ်တယ်။ ဒါပေမယ့် လက်တွေ့မှာ ကျနော်တို့ မြန်မာပြည်သား တောင်ပေါ်သား လက်မှတ်ရထားတဲ့သူတွေက တကယ် တော်တော်လေး ခက်ခဲပါတယ်။”

ဟုတ်ကဲ့၊ အဲဒီတော့ တောင်ပေါ်သားလက်မှတ် ရှိထားပြီးတဲ့သူမှ နိုင်ငံသားလျှောက်ခွင့်ရှိတဲ့သဘောပေါ့။ -

“ဟုတ်တယ်။ တခြား ဘာလက်မှတ်မှမရှိဘဲနဲ့ လျှောက်ခွင့်မရှိဘူးခင်ဗျ။”

ဟုတ်ကဲ့၊ အဲဒါဆိုရင် တောင်ပေါ်သားလက်မှတ် ကိုင်ထားတဲ့လူတွေက အခုဟာက မြန်မာနိုင်ငံက ဘယ်လို လူမျိုးတွေများလဲခင်ဗျ။ -

“ကျနော်တို့ ထိုင်းနိုင်ငံရဲ့ မြောက်ဘက်ပေါ့နော်။ ချင်းမိုင်၊ မယ်ဟောင်ဆောင် ဆိုလို့ရှိရင် ရှမ်းလူမျိုးတွေ များတယ်၊ ကချင်လူမျိုးတွေ များတယ်၊ နောက် မွန်၊ ကရင် အဲဒီလို လူမျိုးတွေက အများဆုံးပါ။ ဒီ လားဟူတို့ဘာတို့က အနည်းစု ဖြစ်ပါတယ်။ အခြေခံကတော့ နယ်စပ်တွေမှာပေါ့နော်။ သူတို့လာပြီးတော့ စပြီး အလုပ်လုပ်ကြတယ်။ တောင်ယာအလုပ်တို့၊ ခြံအလုပ်တို့ လာလုပ်ကြရင်းနဲ့ သူတို့ နေဖြစ်သွားကြာဗျာ။ နေဖြစ်သွားရင်းနဲ့ အဲဒီရွာတွေမှာ တောင်ပေါ်သား လက်မှတ်လုပ်တာနဲ့ ကြုံတဲ့ တိုးတဲ့အခါမှာ သူတို့က ၀င်လုပ်ထားကြပြီး နောက် စီးပွားရေးကလည်း နည်းနည်း အဆင်ပြေလာတယ်။ ခြံလုပ်ကိုင်ရင်း ဘာလုပ်ကိုင်ရင်းလည်း ဒီမှာလည်း သူတို့အတွက် ပိုအဆင်ပြေလာတဲ့အခါမှာ နေဖြစ်သွားကြတာ များတယ်လေ။”

အခုကတော့ မြန်မာနဲ့ လာအို ၃၀၀,၀၀၀ ကျော်ကို လက်ခံမယ်ပြောတော့ အရင်ကရော ဒီလောက် လက်ခံဖူးတာရှိလား။ -

“ကျနော် ထိုင်းမှာ နေလာသလောက်တော့ အရင်က ဒီလိုမျိုး မြန်မာပြည်သား ၃၀၀,၀၀၀ ကျော် လက်ခံတာမျိုးတော့ ကျနော် မကြားဖူးသေးဘူးခင်ဗျ။ ကျနော် နေလာတဲ့နှစ်ကာလတလျှောက်လုံးမှာပေါ့လေ။”

ဟုတ်ကဲ့။ အခုဟာက သူတို့ ကြေညာလိုက်ပြီဆိုတဲ့အခါကျတော့ ဒီ နိုင်ငံသားလျှောက်ဖို့အတွက် ပြင်ဆင်နေကြပြီလား။ ဒီ လုပ်ငန်းစဉ်တွေက စနေပြီလား။ -

“တချို့နေရာတွေမှာတော့ စနေပြီ။ တချို့နေရာတွေမှာတော့ မစသေးဘူး။ တချို့နေရာတွေမှာတော့ ကြားရတဲ့အခါမှာ ဘယ်လိုလဲမသိဘူး။ ငါတို့ရော ရပါ့မလား။ မျှော်နေကြတာပေါ့နော်။ တချို့ကတော့ အဓိက ကတော့ တချို့ဟာတွေက ရွာသူကြီးတွေအပေါ်မှာ မူတည်တဲ့ဟာတွေလည်း ရှိတယ်။”

အခုလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆုံတီ က မြန်မာနဲ့လာအို တောင်ပေါ်သား ၃၀၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသားအဖြစ် လက်ခံမယ်ဆိုတာ ကြေညာပြီးတဲ့နောက်၊ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ လာမယ့် အစိုးရက ဆောင်ရွက်မှာဖြစ်ပြီး လာမယ့် ၂၀၀၉ ခုနှစ်မှာ စိစစ်ပြီးသားလူတွေကို နိုင်ငံသား လက်မှတ် ထုတ်ပေးဖွယ်ရှိတယ်လို့ ထိုင်းအမျိးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ပရာခစ်တ် ပရာခြုံပရာချန်နွတ် (Prakit Prachonpachanuk) က ပြောပါတယ်။ အရပ်သား အစိုးရသစ်အတွက် ထိုင်းရွေးကောက်ပွဲကတော့ အခု ဒီကနေ့ စတင်ကျင်းပနေပြီဖြစ်ပါတယ်။

Read More......

Tuesday, July 10, 2007

ကြောက်တယ်ဆိုတာ

Posted April 6th, 2007 by naynyonyo in Phatpa.com
1 April 2007, Internet ရှာဖွေစက်

အင်တာနက် ပေါ်လာတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး အလွယ်တကူ ဆက်သွယ်နိုင်တဲ့ mail, talk, video conference တို့ကို လူသုံးများလာပြီး ကမ္ဘာကြီးဟာ ကျုံ့ လာပါတယ်။ သို့သော် တကယ် အသုံးအများဆုံးက Search Engine ခေါ် ရှာဖွေစက် ဖြစ်ပါတယ်။ ရှာချင်တဲ့ ခေါင်းစဉ်ကို ရိုက်ထည့်ပေးလိုက်ရင် သိချင်သမျှကို ရနိုင်သမျှ အချက်အလက် အားလုံး ရှာဖွေ ပေးနိုင်တာ ဖြစ်လို့ ကိုယ်ရဲ့ မော်ဒယ် အောက်နေတဲ့ ပရင်တာ အတွက် အပို မင်ဗူး ဘယ်မှာ ၀ယ်ရနိုင်တယ် ဆိုတာမျိုးက အစ မုန်တိုင်း ထန်တတ်တဲ့ ဒင်ဗာမြို့ရဲ့ နောက်ဆုံးပေါ် လေယာဉ်ခရီး အခြေအနေ အကြောင်းထိ စူးစမ်းလို့ ရနေပါပြီ။ ဒါကြောင့် ရှာဖွေစက် ဆိုတာကို အားကိုး အားထား တစ်ခုလို့ အင်တာနက်နဲ့ ယဉ်ပါးသူတိုင်း သိနေပါပြီ။ နောက်တစ်မျိုး ကတော့ ခံစားမှုတွေ မျှဝေချင်လာတဲ့ အခါမျိုးမှာ အဖော်ကောင်း တစ်ဦး အဖြစ် အလွန် အသုံးဝင်တာ ဖြစ်ပါတယ်။
ဘာတွေလဲနှင့် အကြောက်

Google, Yahoo, MSN အစရှိတဲ့ ရှာဖွေစက်ကြီးတွေ အပေါ်မှာ လူတွေက ဘာကို အရှာများကြသလဲ? နေ့စဉ် အရေအတွက် သန်းနဲ့ချီပြီး ရှာဟယ် ဖွေဟယ် လုပ်နေကြတာကို ပထမဆုံး တစ်သန်းမှာ စာရင်းချုပ် ကြည့်လိုက်တဲ့ အခါ ထိပ်ဆုံးမှာ ရှိနေတာက အွန်လိုင်း ဈေးဝယ်မှု (၁၂%) ဖြစ်ပြီး ဒုတိယ လိုက်တာကတော့ ပညာရေး ကိစ္စ (၉%)၊ တတိယကတော့ သတင်း (၅%) ဖြစ်ပါတယ်။

အဲဒီမှာ ဆန်းဆန်းပြားပြား အဖြစ် တွေ့ရတာကတော့ ရှိတော့ရှိတယ် ရှားတယ်ဆိုတဲ့ အကြောက်တရား အကြောင်း သိချင်မှုပါ။ လူအနည်းစု လောက်ကပဲ စိတ်ဝင်စားတဲ့ ခေါင်းစဉ်မျိုး ဖြစ်နေပါတယ်။
ဘာတွေကြောက်ကြသလဲ

လူတွေဟာ အများရှေ့ ထွက်စကားပြော ရမှာတို့ ပင့်ကူတို့၊ သရဲတို့ ကြောက်လေ့ ရှိကြတယ်လို့ ယူဆလာခဲ့တာ ကြာပါပြီ။ လူရှေ့ ထစကားပြော ရမှာကို သေရမှာထက် ကြောက်ကြတယ် ဆိုတာ ဟုတ်များ ဟုတ်နေသလား ဆိုပြီး အင်တာနက်က တဆင့် စစ်တမ်း ထုတ်ကြည့်လိုက်တော့ အဲဒီ လူရှေ့ သူရှေ့ စကားပြောရတာကို ကြောက်တာဟာ နံပါတ် (၁၀) အတွင်းတောင် မချိတ်တာ တွေ့ရပါတယ်။

အခု နှစ်ဆန်းပိုင်း မတိုင်ခင်က စပြီး ၁၂ ပတ်တိတိ search engine တွေကို စစ်တမ်း ထုတ်လိုက်တဲ့အခါ လူတွေရဲ့ အကြောက်ကို နံပါတ်စဉ်လိုက် ဒီလို တွေ့ပါတယ်။ (၁) လေယာဉ် စီးရမှာ၊ (၂) လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ရမှာ၊ (၃) အမှောင်၊ (၄) သေခြင်း၊ (၅) ပင့်ကူနဲ့ ပိုးမွှား၊ (၆) ကားမောင်းဖို့၊ (၇) ချစ်ရမှာ၊ (၈) နတ်ဘုရားများ၊ (၉) အောင်မြင်မှု၊ (၁၀) အထီးကျန်မှု။

ဆန်းဆန်းပြားပြား ကြံကြံဖန်ဖန် တွေလည်း ပါပါတယ်။ ခြေထောက်တဲ့။ ပတ်တီးစတဲ့။ မျက်နှာကြက် ပန်ကာတဲ့။ ပျော်ရွှင်မှုနဲ့ ကြုံရမှာတဲ့။ ဆန်းဆန်းကြယ်ကြယ် အဖြစ် နို့်မှုန့်တို့ မြေပဲထောပတ်ယို တို့ စားအပြီး အာခေါင် ကပ်နေတာကို ကြောက်တယ် ဆိုတာတောင် ရှိပါတယ်။
ခွဲကြည့်ရင် ၂ မျိုးသာ

အကြောက်ကို အုပ်စု ခွဲရင်တော့ နှစ်မျိုးပဲ ရှိပါတယ်။ တစ်ယောက်ထဲ နေရမှာကို ကြောက်တာနဲ့ အများနဲ့ ရောရမှာကို ကြောက်တာပါ။ အထီးကျန် ရမှာကို ကြောက်တာရယ်၊ လူကြားထဲ မ၀င်ဆံ့မှာကို ကြောက်တာရယ်လို့ ရှင်းရှင်း မြင်နိုင်ပါတယ်။

ဒီလို အကြောက်တရား တွေကို အင်တာနက်က ကုစား ပေးပါတယ်။ တစ်ယောက်တည်း ထိုင်ပြီး ကမ္ဘာတလွှားက လူတွေနဲ့ ဆက်သွယ် ရင်ဖွင့်နေရတယ် ဆိုတာ အထီးကျန်မှုလည်းပျောက်၊ တကယ်လည်း ရောနှော နေထိုင်စရာ မလိုဘဲ ကိုယ့်ဒုက္ခတွေ၊ သောကတွေကို ရင်ဖွင့်လို့လည်း ရတော့ ထက်မြက်တဲ့ ခေတ်ပေါ် ကုစားမှုလို့ ပြောနိုင်ပါတယ်။
ခက်ရပုံက

အဲဒီမှာ ပြဿနာ တစ်မျိုး ရှိလာပြန်ရော။ တချို့တွေမှာက ကိုယ် ဘာကြောက်တတ်တယ် ဆိုတာ သူများ သိသွားမှာ ကြောက်ပါသတဲ့။ အဲဒါကို ဆေးပညာအရ Phobophobia လို့ ခေါ်ပါတယ်။ fear of fear လို့ အဓိပ္ပာယ် ကောက်နိုင်ပါတယ်။ ဒီရောဂါဟာလည်း အကြောက်တရားထဲမှာ စာရင်းဝင်တဲ့ ရောဂါပါ။ အမှတ်စဉ် ၁၇၃ -ကြောက်နေတဲ့ အစွဲကို သူများသိသွားမှာကို သူများ သိသွားမှာ ကြောက်ခြင်း - တဲ့။

Read More......
Template by : kendhin x-template.blogspot.com