Saturday, December 22, 2007

လူကိုကူးစက်မှုဖြစ်သဖြင့် ကြက်သားစားသုံးမှုလျော့

Ref: NEJ/ ၂၁ ဒီဇင်ဘာ ၂၀၀၇
ကျိုင်းတုံမြို့နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားပြီး လူကိုပါကူးစက်သည့်သတင်း ထွက်ပေါ်ပြီးနောက်ပိုင်း၌ ရန်ကုန်မြို့၌ ကြက်သားစားသုံးမှုလျော့ကျသွားပြီး ဈေးနှုန်း လည်း အနည်းငယ်ကျဆင်းသွားသည်ဟု တာမွေကြက်ဘဲ အရောင်းဒိုင်မှပြောသည်။

ဘိုကလေးဈေးမှ ကြက်ရောင်းသူတဦးက “အရင်ကဆို တနေ့ ကြက်အကောင် (၆၀-၇၀)၊ ရောင်းကောင်းရင် အကောင် (၈၀) လောက်ကုန်တယ်။ ခုဆို အရောင်းကျ သွားတာ တနေ့ အကောင် (၂၅-၃၀) ရောင်းကုန်ဖို့တောင် အနိုင်နိုင်ဖြစ်နေတယ်” ဟု ပြောသည်။

ယခင်က အိမ်ကြက်၊ မွေးမြူရေးကြက် စသဖြင့် ကြက်အမျိုးအစားအလိုက် ရောင်းချသည့်ဈေးမှာ တပိဿာ ကျပ် (၇,၀၀၀) မှ (၅,၅၀၀) ကြားရှိခဲ့ရာမှ ယခုအခါ ကြက်တပိဿာလျှင် ပျမ်းမျှကျပ် (၁,၀၀၀) ခန့်ကျဆင်းသွားကြောင်း သိရသည်။

ကြက်ဈေးနှုန်းကျပြီး အရောင်းပါးသွားသဖြင့် အခြားသားငါးဈေးနှုန်းများ မြင့်တက်လာကာ ယမန်နေ့က ဈေးကွက်အတွင်း ၀က်သားတပိဿာ ကျပ် (၇,၀၀၀)၊ အမဲသားတပိဿာ ကျပ် (၅,၀၀၀)၊ ဆိတ်သားတပိဿာ ကျပ် (၈,၀၀၀)၊ ငါးကြင်းတပိဿာ ကျပ် (၅,၀၀၀) ဖြစ်နေသည်ဟု ရန်ကုန်မှ အိမ်ရှင်မတဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်း ကျိုင်းတုံမြို့နယ် နောင်ငင်းကျေးရွာ၌ တိုင်းရင်းကြက်များ ပုံမှန်မဟုတ်ဘဲ သေဆုံးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 အဖြစ် အတည်ပြုနိုင်ခဲ့သည်။

ထို့အပြင် သံသယဖြစ်ဖွယ် လူ (၄) ဦးကို စောင့်ကြည့်ခဲ့ပြီးနောက် ၎င်းတို့အနက် အသက် (၇) နှစ်အရွယ် မနမ်းခန်းသန်းမှာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုရှိနေကြောင်း WHO နှင့် စစ်အစိုးရအာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။ ကြက်ခြံများနှင့်ထိတွေ့သည့် အခြားစောင့်ကြည့်သူ (၆၈၉) ဦးတွင်မူ ရောဂါလက္ခဏာ မတွေ့ရ ကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ (၁၉) ၌လည်း ပဲခူးတိုင်း သနပ်ပင်မြို့တွင် ငုံးများသေဆုံးမှုရှိခဲ့ပြီး ကြက်ငှက်တုပ်ကွေးရောဂါ H5N1 အဖြစ် အတည်ပြုနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများက ကြက်ငှက်တုပ် ကွေးရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးမှုများ အဓိကပြုလုပ်နေကြပြီး စစ် အစိုးရဘက်မှ ငွေကြေးကုန်ကျခံပြုလုပ်မှုနည်းပါးကြောင်း ရန်ကုန်အခြေစိုက် အန်ဂျီအိုအဖွဲ့များက ဝေဖန်မှုများရှိနေကြောင်း သိရသည်။

0 comments:

Template by : kendhin x-template.blogspot.com