Friday, December 14, 2007

မုန်တိုင်းသင့်ခဲ့သည့် ဆန်တာဘန်းလမုတောကြီး ပြုစုပျိုးထောင်ရန် နှစ် (၃၀) ကြာမည်ခန့်မှန်း


မုန်တိုင်းဒဏ်မခံရမီ (၀ဲ) နှင့် မုန်တိုင်းဒဏ်ခံရပြီး ပျက်စီးသွားသော ဆန်တာဘန်းလမုတောကြီး (ယာ)

ပြီးခဲ့သည့် နိုဝင်ဘာ (၁၅) တွင် ကျရောက်ခဲ့သည့် ဆီဒါး ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ဆန်တာဘန်း လမုတောကြီးအား ပြန်လည်ပြုစုပျိုးထောင် နိုင်ရန် နှစ်ပေါင်း (၃၀) ခန့်အချိန် ယူရမည်ဖြစ်သည်။

မုန်တိုင်းတိုက်ခတ်စဉ်က သဘာဝအတားအဆီးတခုအဖြစ် အကာကွယ်ရခဲ့သဖြင့် တောင်ပိုင်းခရိုင် များအနေဖြင့် အမှန်တကယ်ကြုံတွေ့နိုင်သည့် ဘေးဒဏ်ထက်လျော့နည်းခံခဲ့ရသော်လည်း အဆိုပါ ဘင်္ဂလားဒေ့ရှ် လမုတောဧရိယာ၏ (၄၀) ရာခိုင်နှုန်းမှာ ပျက်စီးသွားခဲ့ကြောင်း ကုလသမဂ္ဂ ပညာ
ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ဖော်ပြသည်။

အဆိုပါလမုတောအား ပြန်လည်ပျိုးထောင်ရန် အနည်းဆုံး နှစ်ပေါင်း (၁၀-၁၅) အထိကြာမြင့် နိုင်သည်ဟု ယူနက်စကိုက ခန့်မှန်းသော်လည်း ဒါကာတက္ကသိုလ် သတ္တဗေဒဌာန အကြီးအကဲ အန်န၀ါအစ္စလမ်ကမူ နှစ်ပေါင်း (၃၀) ခန့် အချိန်ယူရမည်ဟု ပြောသည်။
Ref : New Era Journal - IRIN / ၁၃ ဒီဇင်ဘာ ၂၀၀၇

ဂင်္ဂါမြစ်ဝတွင် စတင်အခြေတည်ကာ ဘင်္ဂလားဒေ့ရှ်အနောက်တောင်နှင့် အိန္ဒိယ အနောက်ဘန်ဂေါ ဘက်သို့ ဖြန့်ကြက်သွားသည့် စုစုပေါင်းအကျယ်အ၀န်း စတုရန်းကီလိုမီတာ (၁၀,၀၀၀) ရှိသည့် ဆန်တာဘန်းလမုတောသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ (၆,၀၀၀) စတုရန်းကီလိုမီတာ တည်ရှိ သည်။

ဇီဝမျိုးကွဲအများအပြားတည်ရှိရာ လမုတော၏အရှေ့ဘက်ခြမ်း အစိတ်အပိုင်းတွင် ပျက်စီးခဲ့ခြင်း ဖြစ်သည်။ ၁၉၉၇ ခုတွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းခဲ့သည့် အဆိုပါ လမု တောမှ သစ်ပင် (၃၀) ရာခိုင်နှုန်းသည် အမြစ်မှကျွတ်ထွက်ကာ အရေအတွက် အမြောက်အမြား ကျိုးပျက်ခဲ့သည်။

အဆိုပါတောအတွင်း၌ ငှက်မျိုးပေါင်း (၃၀၀) ကျော်၊ ရှားပါးဘင်္ဂါလီကျားများ၊ သမင်ပြောက်၊ မိကျောင်း၊ တောဝက်၊ ငါးမျိုးစုံ၊ မြွေနှင့် မျောက်မျိုးစုံတို့အပါအ၀င် တောရိုင်းတိရစ္ဆာန်များ မှီတင်း နေထိုင်ကြသည်။

ထောင်ပေါင်းများစွာသောဒေသခံများသည် အဆိုပါတောအားမှီခို၍ ငါး၊ ပုစွန်၊ ဂဏာန်း စသည်
တို့ကို ဖမ်းဆီး ရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုနေကြပြီး နိုင်ငံအတွက် လိုအပ်သော
သစ်မာ၊ မြက်၊ ပျားရည်နှင့် သက်ကယ်အများစုမှာလည်း အဆိုပါတောမှ ထွက်ကုန်များဖြစ်သည်။

ယင်းဒေသသို့ သွားရောက်ကြည့်ရှုခဲ့သူ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးဌာနမှ မာ့ပက်ထရီက “မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရတဲ့ လူသားတွေအတွက် ကူညီ ဖြေရှင်းပေးတယ်ဆိုတာက ပုံမှန်အားဖြင့် ပထမဦးစားပေးဖြစ်တယ်ဆိုပေမယ်လို့ လူအမြောက် အမြားမှီခိုနေရတဲ့ ဆန်တာဘန်းတောကယ်တင်ရေးဟာလည်း သိပ်ကိုအရေးကြီးပါတယ်” ဟု ပြောသည်။

လမုတောအတွင်း အပင်ပေါင်း (၃) သန်းကျော် ထိခိုက်ပျက်စီးခဲ့သောကြောင့် ဘင်္ဂလားဒေ့ရှ် သစ်တောဝန်ကြီးဌာနအနေဖြင့် အမေရိကန်ဒေါ်လာသန်း (၁၅၀) ၀န်းကျင် ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၌ နိုဝင်ဘာ (၁၅) တွင် တနာရီ ကီလိုမီတာ (၂၀၀) ကျော်နှုန်းဖြင့် တိုက်ခိုက်ခဲ့သော ဆီဒါးဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း (၃,၅၀၀) ကျော်သေဆုံးခဲ့ရပြီး လူပေါင်း သန်းနှင့်ချီ
၍ အိုးမဲ့အိမ်မဲ့ဖြစ်ကြရကာ စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့သည်။

ကမ္ဘာ့အမွေအနှစ်ဇုံဖြစ်သော လမုတောအား လာရောက်ကြည့်ရှုလေ့လာရန် လစဉ်လာနေကျဖြစ် သော နိုင်ငံခြားခရီးသွား (၃,၀၀၀) ကျော်ခန့်လည်း ခရီးသွားလာမှု ရပ်ဆိုင်းသွားခဲ့သည်။

0 comments:

Template by : kendhin x-template.blogspot.com