Saturday, September 13, 2008

ပလတ်စတစ်အိတ်သွတ်မြိတ်ဒေါ်လာ တနင်္သာရီတိုင်းမှာတွင်ကျယ်

September 3rd, 2008 ref from http://komyo.burmachannel.com
NEJ/ ၂ စက်တင်ဘာ ၂၀၀၈

စစ်အစိုးရထုတ်ဝေထားသည့် ငွေအကြွေစက္ကူ ရှားပါးမှုကြောင့် တနင်္သာရီတိုင်းရှိ မြိတ်၊ ပုလောနှင့် မြို့အချို့တွင် မြိတ်ဒေါ်လာဟုခေါ်ဆိုသော ပြုပြင်ထားသည့် ငွေစက္ကူများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြကြောင်း မြို့ခံများက ပြောသည်။

မြို့ခံတဦးက “မြိတ်ဒေါ်လာဆိုပေမယ့် အထွေအထူးတော့ မဟုတ်ပါဘူး။ စုတ်ပြဲ ဟောင်းနွမ်းနေတဲ့ (၁ဝ) ကျပ်၊ (၂ဝ) ကျပ်၊ (၅ဝ) ကျပ်၊ (၁ဝဝ) ကျပ်နဲ့ (၂ဝဝ) ကျပ်တန် ငွေစက္ကူတွေကို ပလတ်စတစ်အိတ် အကြည်လေးထဲမှာထည့်၊ မီးနဲ့ ပိတ်ထားတဲ့ ငွေတွေကို သုံးစွဲနေကြတာပါ။ ဘယ်သူက စလိုက်တာ မသိပေမယ့် ခုတော့ မြိတ်နဲ့ အခြားမြို့ အတော် များများမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြပြီ။ ပလတ်စတစ်အိတ်ထဲ ထည့်ထားတဲ့ ငွေစက္ကူ ဘယ်လောက်စုတ်စုတ် လူတွေက နားလည်မှုရှိရှိနဲ့ ယူကြတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ပလတ်စတစ်အိတ်သွတ် ငွေစက္ကူများ မသုံးစွဲခင်က မြိတ်မြို့တွင် ဈေးဝယ်ပြီး အကြွေပြန်အမ်းရန်မရှိပါက သကြားလုံး၊ ဆေးလိပ်၊ တစ်သျှူးစက္ကူ စသည်တို့ဖြင့် ပေးချေကြောင်း၊ ဟင်းသီးဟင်းရွက်သည်က ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်ဆိုင်က မဆလာ၊ ငရုပ်သီး စသည်တို့ဖြင့် ပေးချေသည့်အတွက် မလိုချင်သော်လည်း ယူနေရသဖြင့် ငွေကုန်ကြေးကျများကြောင်း၊ ငွေစက္ကူအစုတ်များကို ဘဏ်များက လဲမပေးဘဲ အသစ်လည်း မထုတ်သောကြောင့် စုတ်ပြတ်ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို ကိုင်မသုံးလိုကြသဖြင့် ပလတ်စတစ်အိတ်ထဲ ထည့်သုံးရာတွင် အဆင်ပြေကြောင်း မြို့ခံများက ပြောသည်။


ငွေစက္ကူအကြွေ ရှားပါးသည့် ပြဿနာ ကြုံနေရသည်မှာ မြိတ်မြို့တခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်သည်။ စစ်အစိုးရက (၅၊ ၁ဝ၊ ၂ဝ၊ ၅ဝ၊ ၁ဝဝ၊ ၂ဝဝ) ကျပ်တန်ငွေစက္ကူအသစ်များ ထပ်မံရိုက်နှိပ်ထုတ်ဝေခြင်း မရှိသဖြင့် နိုင်ငံအတွင်း ငွေစက္ကူအကြွေ တစတစ ရှားပါးလာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် (၁၃) ရက်မှစပြီး ကျပ် (၅ဝ) တန်နှင့် (၁ဝဝ) တန် ငွေစက္ကူများကို တန်ဖိုးတူ သတ္တုအကြွေစေ့များဖြင့် နေပြည်တော် ပျဉ်းမနား စီးပွားရေးဘဏ်က လဲပေးနေသည်။ သို့သော် (၁,ဝဝဝ) တန်၊ (၅ဝဝ) တန်များကို ငွေအကြွေ လဲပေးခြင်းမျိုးမဟုတ်ဘဲ (၅ဝ) ကျပ်တန်ငွေစက္ကူကို (၅ဝ) တန် သတ္တုစေ့၊ (၁ဝဝ) တန်ငွေစက္ကူဟောင်းကို (၁ဝဝ) တန် သတ္တုစေ့ဖြင့် လဲပေးသည့်အတွက် သတ္တုအကြွေစေ့များ ပေါပေါများများ ထွက်မလာသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော် သပြေကုန်းဈေးတွင် ကျပ် (၃ဝဝ) တန် ရေသန့်တဘူး ဝယ်သောက်သူတဦးက ဆိုင်ရှင်ကို ကျပ် (၅ဝဝ) တန် ပေးလိုက်ရာ အကြွေမရှိဟုဆိုကာ ကျပ် (၂ဝဝ) ဖိုးကို မုန့်တခုနှင့်ပီကေ တခု ပြန်အမ်းကြောင်းပြောသည်။ နေပြည်တော်၌လည်း ငွေစက္ကူအကြွေကိစ္စ ပြေလည်မှုမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဘဏ်ချက်လက်မှတ်၊ ငွေထုတ်ကတ်ပြား၊ အလိုအလျောက် ငွေထုတ်စက်တို့ မရှိသည့်အတွက် ငွေစက္ကူများကို အမြောက်အမြား ရိုက်နှိပ်သုံးစွဲ နေရပြီး အမြင့်ဆုံး ငွေစက္ကူသည် ကျပ် (၁,ဝဝဝ) တန် ဖြစ်သည့်အတွက် ရွှေ၊ ကား၊ တိုက်ခန်းနှင့် တန်ဖိုးကြီးပစ္စည်းများ ဝယ်သည့်အခါ ငွေစက္ကူများကို မြွေရေခွံအိတ်ထဲထည့်ပြီး ပေးချေလေ့ ရှိကြသည်။

0 comments:

Template by : kendhin x-template.blogspot.com