Tuesday, July 10, 2007

သွေးကို ပြောင်းနိုင်တော့မည်။

Posted April 3rd, 2007 by awratha in Phatpa.com Ref : 02 April 2007, Los Angeles Times

သွေးလိုရင် သွေးသွင်း ရပါတယ်။ သွေးသွင်း တဲ့အခါ အသုံး အများဆုံး သွေး အမျိုးအစားက အို အမျိုးအစား ဖြစ်ပါတယ်။ သွေးသွင်းလို့ သေရတဲ့ ရောဂါတွေရဲ့ တစ်ဝက်က သွေးအမျိုး မှားသွင်းမိလို့ ဖြစ်ရတာပါ။ အခုတော့ သွေးကို အမျိုးပြောင်းလို့ ရမယ့် နည်းပညာ ပေါ်လာပြီလို့ Nature Biotechnology ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။

သွေးအမျိုးအစား လေးမျိုးရှိရာမှာ အို အမျိုးအစားဟာ ကျန်သွေး သုံးမျိုးကိုပါ ၀င်ကယ်နိုင်တဲ့အတွက် အလှူ့ဒါယကာကြီး (Universal donor) အဖြစ် နာမည်ရပါတယ်။ ဒါကြောင့် သွေးလှူဘဏ်တွေမှာ အိုသွေး များများ လိုပါတယ်။ အခု ZymeQuest ကုမ္ပဏီက တစ်ခြားသွေးတွေကို အိုသွေးလိုပဲ လူမရွေး သုံးလို့ရအောင် ပြောင်းပေးနိုင်မယ့် နည်းပညာ တစ်ခုကို ထွင်နိုင်လိုက်ပြီလို့ ဆိုပါတယ်။ သွေးအုပ်စု ကွဲပြားရခြင်းရဲ့ အကြောင်းရင်းဟာ သွေးနီဥတွေမှာ တွဲကပ်နေတဲ့ သကြားဓာတ် မော်လီကျူး တွေကြောင့် ဖြစ်ရတာ ဆိုတာ တွေ့ပါတယ်။ အဲဒီ သကြားမော်လီကျူးကို ဘက်တီးရီးယားတွေ ဆီကရတဲ့ အင်ဇိုင်းတစ်မျိုး သုံးစွဲပြီး ဖြုတ်ထုတ်နိုင်တာကို တွေ့သွားပါတယ်။

ဒီနည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ရင် ဆေးပညာအတွက် အကြီးစား အပြောင်းအလဲ တစ်ခု ဖြစ်လာပါလိမ့်မယ်။

0 comments:

Template by : kendhin x-template.blogspot.com