Saturday, April 5, 2008

မြန်မာစီးပွားရေးတိုးတက်မှုနှုန်း စစ်အစိုးရမှန်းသည်ထက် လျော့နေဟု အေဒီဘီပြော

Ref : NEJ/ ၄ ဧပြီ ၂၀၀၈ through Khitpyaing Journal
ပြီးခဲ့သည့် (၂) နှစ်အတွင်း မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှုနှုန်း (၁၀) ရာနှုန်းအထက်ရှိမည်ဟု စစ်အစိုးရက မှန်းထားခဲ့သော်လည်း အမှန်တကယ်တိုးတက်မှုသည် မှန်းထားသည်ထက် နည်းနေရုံမက နောင်လည်း ဆက်ကျမည့် အလားအလာရှိသည်ဟု မကြာခင်က ထုတ်ပြန်သည့် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) အစီရင်ခံစာတွင် ဝေဖန်ထားသည်။

၂၀၀၈ ခု ဧပြီလဆန်းတွင် ထုတ်ပြန်ခဲ့သည့် ADB အစီရင်ခံစာ၌ မြန်မာနိုင်ငံ စီးပွားရေးတိုးတက် မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ဝေဖန်ဖော်ပြထားခြင်းဖြစ်သည်။

ထို့ပြင် မတ်ခရိုစီးပွားရေး တည်ငြိမ်မှုမရှိသည့်အတွက် လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံ ငွေဖောင်းပွမှုနှုန်းသည် ကိန်းဂဏန်း (၂) လုံးထိ ခုန်တက်ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၀၇ ခု သြဂုတ်လ မတိုင်မီ တနှစ်အတွင်း ဆန်ဈေး (၄၀) ရာနှုန်းတက်သွားသကဲ့သို့ ဓာတ်ဆီ ဈေးနှုန်း (၇၀) ရာနှုန်းနှင့် ဒီဇယ်ဈေးနှုန်း (၂) ဆ တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ သယ်ယူပို့ဆောင်ရေးစရိတ်များနှင့် ကုန်ဈေးနှုန်းများတက်ပြီး မကြာမီတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

၂၀၀၆ ခုထိ အစိုးရအခွန်ကောက်ခံငွေ တိုးလာသော်လည်း အစိုးရအသုံးစရိတ်ကြီးမားမှု၊
ဝန်ထမ်းလစာငွေများ တိုးပေးမှုတို့ကြောင့် ဘတ်ဂျက်လိုငွေပြမှုကြီးမားနေဆဲ ဖြစ်သည်ဟု
လည်း အေဒီဘီက ပြောသည်။

မြန်မာနိုင်ငံ ဘတ်ဂျက်လိုငွေပြမှုသည် စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး GDP ထက် (၄) ရာခိုင်နှုန်းများနေပြီး လိုငွေကို ဗဟိုဘဏ်က ရိုက်ထုတ်ဖြည့်ဆည်းပေးနေရသည်ဟု ဆက်လက် ဖော်ပြသည်။ ဆက်တိုက် ဘတ်ဂျက်လိုငွေပြမှုကြောင့် မြန်မာနိုင်ငံ မတ်ခရိုစီးပွားရေး ပိုမို မတည်မငြိမ်ဖြစ်နိုင်သည်ဟုလည်း ဟောကိန်းထုတ်ထားသည်။

နိုင်ငံခြားရောင်းချနေသည့် သဘာဝဓာတ်ငွေ့ဈေးတက်နေမှုကြောင့် မြန်မာစီးပွားရေး တိုးတက်
မှု အထိုက်အလျောက်ရှိနေနိုင်သော်လည်း ငွေဖောင်းပွမှုနှုန်း ဆက်လက်ကြီးမားနေမည်ဟု ADB က မှန်းထားသည်။

၂၀၀၆-၂၀၁၀ (၅) နှစ်စီးပွားရေး စီမံကိန်းကာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်းသည် ပျမ်းမျှ (၁၀) ရာနှုန်းရှိမည်ဟု မြန်မာစစ်အစိုးရက လျာထားသော်လည်း (၅) ရာခိုင်နှုန်း တိုးတက်ရန် ပင်မလွယ်ဟု ADB က ပြောသည်။

ကမ္ဘာ့စီးပွားရေး ကျနေသည့်အပြင် အဓိက ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ
စသည့် နိုင်ငံများ၏ စီးပွားရေး နှေးလာသည့်အချက်များအပေါ် မြန်မာစီးပွားရေး ကြံ့ကြံ့ခံနိုင် ရန်မလွယ်ကူကြောင်း အေဒီဘီက သတိပေးထားသည်။

0 comments:

Template by : kendhin x-template.blogspot.com