Wednesday, October 17, 2007

ကော့သောင်းမှသံဃာများ ရနောင်းသို့ ခရီးသွားခွင့်မပြု

မြန်မာတနိုင်ငံလုံးတွင် ဆန္ဒပြသပိတ်မှောက်ကံဆောင်ခဲ့ကြသော သံဃာတော်များအား
စစ်အစိုးရက ပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးနေသည်သာမက ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ရှိ
သံဃာတော်များကိုလည်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဘက်သို့ ခရီးသွားလာခွင့် ပိတ်ပင်လိုက်သည်။
ကျော်ထင်(ထိုင်း)/ ၁၆ အောက်တိုဘာ ၂၀၀၇

ကော့သောင်းမြို့နယ်အာဏာပိုင်များက မြို့နယ်သံဃာ့မဟာနာယက ဆရာတော်များ
ကို ပင့်ဖိတ်ပြီး မြို့နယ်အတွင်းရှိ သံဃာတော်များ၏ ခရီးသွားလာခွင့်ကို ၀ါကျွတ်သည်
အထိ ပိတ်ပေးပါရန် ယခုလ (၁၄) ရက်တွင် လျှောက်ထားခဲ့ကြောင်း ကော့သောင်းမြို့မှ
အမည်မဖော်လိုသည့် သံဃာတပါးက မိန့်ကြားသည်။

၎င်းက “ဆန္ဒပြရာမှာ ပါတဲ့သံဃာရော၊ မပါတဲ့သံဃာရော အားလုံး ဟိုဘက်ကမ်းကို ကူးခွင့်
မရှိတာ။ သီတင်းကျွတ်အထိပိတ်ထားတယ်။ နောက်ထပ် (၁၀) ရက်ပေါ့။ ဦးဇင်းထင်တာက ရန်ကုန်မှာဘုန်းကြီးတွေကို လိုက်ဖမ်းနေတယ်မဟုတ်လား။ ဒါတွေနဲ့ဆက်စပ်မယ်နဲ့တူတယ်။ ရန်ကုန်ဘက်ကိုကျတော့ သွားလို့ရပါတယ်။ အခုလို နယ်စပ်ကို ရေရှည်ပိတ်လို့တော့မရပါဘူး။ ပြဿနာတွေတက်မှာပေါ့။ ဘာဖြစ်လို့ဆိုတော့ ဒီမှာရှိတဲ့ဘုန်းကြီးတွေလည်း ဟိုဘက်မှာ သာသနာရေးကိစ္စတွေ အများကြီးရှိတယ်လေ” ဟု မိန့်ကြားသည်။

ပုံမှန်အားဖြင့် ကော့သောင်းရှိသံဃာတော်များ ရနောင်းဘက်သို့ ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာကျောင်းထိုင်ဆရာတော်၏ ထောက်ခံချက်ဖြင့် မြို့နယ်သံဃာ့မဟာနာယကရုံးမှတဆင့် ခွင့်ပြုချက်ယူကာ (၁) ပတ်အထိ သွားခွင့်ရှိကြောင်း သိရသည်။

တနိုင်ငံလုံးရှိ သံဃာများ သပိတ်မှောက်ကံဆောင်ခဲ့စဉ်က ကော့သောင်းရှိသံဃာတော်များ
ကလည်း (၂) ကြိမ်လမ်းလျှောက်သပိတ်မှောက်ကံဆောင်ခဲ့ရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ မိမိတို့အရှက်ရခဲ့သည်ဟု
အာဏာပိုင်များက မြို့နယ်သံဃာ့မဟာနာယကဆရာတော်ကြီးများကို လျှောက်ထားခဲ့ကြောင်း၊
ဆရာတော်ကြီးများကလည်း ခရီးသွားခွင့်ကို ရေရှည်ပိတ်ပင်ရန်မသင့်ဘဲ အရေးပေါ်ကိစ္စများအတွက် ခွင့်ပြုရန် ပြန်လည်မိန့်ကြားခဲ့ကြောင်း အဆိုပါသံဃာက မိန့်ကြားသည်။

နအဖသည် တန်ပြန် ပြည်သူ့သဘောထားဖော်ထုတ်ပွဲများကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အတင်းအကျပ်ပြုလုပ်လျက်ရှိရာ မနက်ဖြန် နေ့လယ် (၂) နာရီတွင် ကော့သောင်းလေဆိပ် ဗွီအိုင်ပီခန်းမတွင် သံဃာ (၂၄) ပါးနှင့် မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်းဆုံးဖြစ်သော ဘုရင့်နောင်ရုပ်ထုတည်ရှိရာ ၀ိတိုရိယအငူတွင် သံဃာ (၂၄) ပါးအား ပရိတ်တရား၊ ပဌာန်းတရားနှင့်
ကမ္မ၀ါဖတ်ရန် ပင့်ဖိတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက တနိုင်ငံလုံးရှိသံဃာတော်များအား နအဖစစ်
အစိုးရနှင့် စစ်အစိုးရအာဏာပိုင်များအား ပြီးခဲ့သည့်စက်တင်ဘာ (၁၈) ရက်မှစ၍ ပတ္တနိက္ကုဇ္ဖန ကံဆောင်ရန် နှိုးဆော်ထားခဲ့သည်။

ထိုသို့သပိတ်မှောက်ကံဆောင်နေကြသည့် သံဃာတော်များအား နအဖအာဏာပိုင်များက ပစ်ခတ် ရိုက်နှက်ဖမ်းဆီး ထောင်ချကာ ယခုနောက်ပိုင်းတွင် သံဃာတော်များ အား ဆန်၊ ဆီ၊ ဆေး၊ ဆား စသည့် လှူဖွယ်ပစ္စည်းများ အတင်းအဓမ္မလှူဒါန်းနေကြောင်း သိရသည်။

0 comments:

Template by : kendhin x-template.blogspot.com