Thursday, August 28, 2008

ထိုင်းလာမည့် မြန်မာအလုပ်သမားများ စိစစ်ရေး အခက်အခဲရှိနေဆဲ


Ref : NEJ/ ၂၇ သြဂုတ် ၂၀၀၈
line

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တင်ပို့နိုင်ရေး ထိုင်းအစိုးရ၏ တိုက်တွန်းမှုကို မြန်မာအစိုးရ အနေဖြင့် တရားဝင်အလုပ်သမားများတင်ပို့ရန် အရန်သင့်မဖြစ်သေးဟု မြန်မာဘက်မှ ပြောကြား သည်။

ယခုလ (၁၉) ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီး နန်အူလိုင်ဝမ်န်ထီးယန်းင်ထောင်းနှင့် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်တို့ တွေ့ဆုံအပြီးတွင် မြန်မာအစိုးရ၏သဘောထားကို ထိုင်းအလုပ်သမားဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

သူမက “ထိုင်းမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံသားအဖြစ်စိစစ်ဖို့ရယ် နောက်ထပ်လာမဲ့ အလုပ်သမားတွေကို မြန်မာနိုင်ငံဘက်က တရားဝင်တင်သွင်းဖို့ကိစ္စကို ထိုင်း ဘက်ကဆွေးနွေးပေမယ့် ဒီကိစ္စမြန်မာဘက်ကအရန်သင့်မဖြစ်သေးဘူး" ဟုပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာအလုပ်သမား ၁ သိန်း ၇ သောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်များ စာရင်းကို မြန်မာဘက်သို့ ပို့ထားပြီး မြန်မာဖက်မှလူဦးရေ (၃,၀၀၀) စိစစ်ပြီးသွားပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးကပြောသည်။

ယခုကဲ့သို့မြန်မာအလုပ်သမားများကို စိစစ်ဖို့အခက်အခဲ ဖြစ်နေရခြင်းမှာ နှစ်နိုင်ငံတာဝန်ရှိသူများ အချင်းချင်း ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် ဖြစ်ကြောင်း၊ ၎င်းအခြေအနေ များကြောင့် ထိုင်းအလုပ်သမားဝန်ကြ်ီးဌာနမှ ထိုင်းဗိုလ်ချုပ် ခမ်းချိုင်းအာနန္ဒစုံဘွန်း ကိုစေလွှတ်ပြီး တာဝန်ပေးထားကြောင်း ၎င်းဗိုလ်ချုပ်နှင့်အဖွဲ့ကို ထိုင်းဖက်မှ လုပ်ငန်းမြန်သထက်မြန်အောင် ဆောင်ရွက်နိုင်ဖို့တာဝန်ပေးထားသည်ဟု ထိုင်းဘက်ကပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာဒုတိယ၀န်ကြီးတို့တွေ့ဆုံအပြီး နောက်တနေ့တွင် မြန်မာ အလုပ်သမားဝန်ကြီးဌာနက ထိုင်းဘက်သို့ပြောကြားရာတွင် “မြန်မာအလုပ်သမားများစိစစ်ရေး ကိစ္စနှင့် ပတ်သက်၍ စံပြအနေဖြင့် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာအလုပ်သမား (၁) သောင်းကို ဦးစွာစိစစ်မှုပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းအလုပ်သမားဝန်ကြီးက “လက်ရှိထိုင်းကိုရောက်နေတဲ့မြန်မာတွေ ထဲက ဒီလူ (၁) သောင်းကို စီစစ်သွားမယ် ပြီးရင်မြန်မာအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်သွားမည် ဟု ပြောသည်။

မြန်မာနိုင်ငံသားဖြစ်ကြောင်းစီစစ်ပြီး တာချီလိတ်၊ ကော့သောင်း၊ မြ၀တီဖက်မှ ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လာလုပ်ကြမည့် မြန်မာအလုပ်သမားများ၏ ဗီဇာကြေးကို ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ ယခင်က ဘတ် (၂) ထောင် သတ်မှတ်ထားသော်လည်း ယခုအခါ ဘတ် (၅၀၀) သို့ လျှော့ချလိုက်သည်။

ယခုကိစ္စနှင့် ပတ်သက်၍ မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မီတီ JACBA အဖွဲ့၏ ဥက္ကဋ္ဌ ကိုမိုးကြိုးက “နှစ်ဖက် အစိုးရတရားဝင်လုပ်တာကို အလုပ်သမားတွေကိုလည်းအသိပေးရမယ်၊ အလုပ်သမားတွေရဲ့ သဘောတူညီချက်ကိုလည်းယူရမယ်၊ အလုပ်ရှင်ဖြစ်သော်လည်း အလုပ်သမားတွေအပေါ်မှာ အတင်းအကြပ် စာချုပ်စာတမ်းချုပ်ဆိုခွင့် မရှိဘူးဆိုတာ ထိုင်းအလုပ်သမားကာကွယ်ရေး အက် ဥပဒေ BE ၂၅၄၁ မှာတရားဝင်ပြဋ္ဌာန်းထားတယ်။ အလုပ်သမားတွေရဲ့ သဘောတူညီချက်မပါပဲ ကိုယ့်သဘောနဲ့ ကိုယ်လုပ်မယ်ဆိုရင်တော့ အလုပ်သမားတွေဆီက ပူးပေါင်းဆောင်ရွက်မှု မရနိုင် ဘူး စမ်းသပ်တဲ့လုပ်ငန်းလည်း မအောင်မြင်နိုင်ဘူး” ဟု ပြောသည်။

မဲဆောက်တောရဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးတပါးက “လွန်ခဲ့တဲ့ (၂) နှစ်လောက် ကဒီကိစ္စကို ဘန်ကောက်မှာလုပ်ဖို့ မြန်မာအလုပ်သမား (၄၀) ရဲ့ကိုယ်ရေးရာဇ၀င် အချက်အလက် တွေကို ထိုင်းက မြန်မာအစိုးရဆီပို့ပေးတယ်။ နောက်ဆုံးမှာ ဘာမှဖြစ်မလာပဲ ဘုန်းကြီးတို့လှိုင်းဘွဲ့ က ဘန်ကောက်မှာ အလုပ်သွားလုပ်တဲ့သူတွေပါတော့ သူတို့မိဘတွေကို မြို့နယ်အာဏာပိုင်တွေ
က ဘန်ကောက်ကိုဘယ်လိုသွားလည်း ဘာသွားလုပ်လည်း ဥပဒေအရ ထောင်ကျနိုင်တယ်ဆိုတာ သိလား ဆိုပြီးခြိမ်းခြောက်တော့ တယောက်ကို မြန်မာငွေ (၅) သိန်းလောက်ပေးလိုက်ရတယ်။ ဒီတခါ ထပ်လုပ်ရင်တော့ ဘယ်သူမှလုပ်တော့မှာ မဟုတ်ဘူး'' ဟုမိန့်ကြားသည်။

လက်ရှိထိုင်းနိုင်ငံတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားဦးရေ (၄. ၉) သိန်း ရှိပြီး စာရင်းမသွင်းဘဲ ပုန်းရှောင်နေသူ အပါအ၀င် မြန်မာအလုပ်သမား (၂) သန်းခန့် ထိုင်းနိုင်ငံ အတွင်းရောက်ရှိနေသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြသည့် အဖွဲ့များ၏ စစ်တမ်းများအရ သိရှိရသည်။ ။

0 comments:

Template by : kendhin x-template.blogspot.com