Tuesday, June 24, 2008

မြန်မာပြည် စွမ်းအင် နဲ့ အစားထိုးလောင်စာပြသနာ

လောင်စာဆီ တစ်နေ့တစ်ခြား ကြီးမြင့်လာတဲ့ ဒီကနေ့မှာ အစားထိုးလောင်စာစွမ်းအင် သုံးဖို့ ပြောကြတာ ပိုကြားလာနေပါရတယ်။ စွမ်းအင်အဖြစ် ကျွန်တော်တို့ အဓိကသုံးစွဲရာဖြစ်တဲ့ ရေနံစိမ်းဈေးနှူန်းဟာ မနှစ်က တစည်ကို ၇၀ ဒေါ်လာကနေ ပြီးတော့ အခုလက်ရှိ ၁၄၀ ဒေါ်လာကို ခုန်ပျံကျော်လွား ရောက်လာပါပြီ။ (တစ်ချို့ကတော့ ၂၀၀၈ နှစ်ကုန်မှာ တစ်စည် ဒေါ်လာ ၂၀၀ လောက်အထိ ဖြစ်လာမယ်လို့ မှန်းထားပါတယ်။

အခုလက်ရှိအခြေအနေမှာ အစားထိုးလောင်စာ (အဓိက ရေ၊နေ၊လေ၊ ဘူမိအပူ၊နဲ့ လယ်ယာစွန့်ပစ်ပစ္စည်း) စွမ်းအင်သုံးဖို့ သင့်တော်ပါပြီလား။ မြန်မာနိုင်ငံ လက်ရှိ အနေအထားအရ တစ်နိုင်တစ်ပိုင် မိသားစု အနေနဲ့ အိမ်သုံးအတွက်တော့ တွက်ခြေကိုက် သုံးစွဲဖို့ ခက်နေပါသေးတယ်။ ပတ်ဝန်းကျင် အနေအထားက အားသာချက် မရသေးပါဘူး။ (ဒီဆောင်းပါးမှာ နေ နဲ့ လေ စွမ်းအင်အကြောင်းကိုပဲ အလေးထားပြောသွားမှာပါ။ ) အကြောင်းတွေက တော့

၁။ အစဦး ရင်းနှီးမြုပ်နှံမှု စရိတ် အရမ်းကြီးနေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံက ဆိုလာပြားတို့၊ လေဒလက်တို့ ဝယ်ရတဲ့နိုင်ငံဆိုတော့ ပိုဈေးကြီးတာပေါ့။ တစ်ချို့ထုပ်လုပ်တဲ့နိုင်ငံတွေမှာ အစီုးရက တပ်ဆင်သုံးစွဲ စရိတ်တစ်ချို့ကို ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ကတော့ အကုန်လုံး ကိုယ့်စရိတ်နဲ့ကိုယ် ဆိုတော့ ဈေးပေါလာတဲ့အထိ (ရေနံဈေးနဲ့ကာမိတဲ့အထိ) စောင့်ရအုံးမှာပါ။

ထိုင်းက ပြုလုပ်တဲ့ Research (၂၀၀၇)အရ စွမ်းအင် Mass Production ထုပ်လုပ်တဲ့ စရိတ်ကတော့ ရေစွမ်းအင်က အပေါဆုံးပါ။ ဒုတိယကတော့ သဘာဝဓါတ်ငွေ့ တာဘိုင်စက်ရုံပါ။ (သူတို့မှာ ညူကလီးယား စက်ရုံမရှိသေးတဲ့အတွက် အဲဒီအတွက်တော့ မပြောနိုင်ပါဘူး။ ထုပ်လုပ်မှုစရိတ်က သဘာဝရုပ်ကြွင်းလောင်စာသုံး စက်ရုံတွေထက် သက်သာပါတယ်။)အကြမ်းဖျင်း ကိန်းဂဏန်းအရ လျှပ်စစ် ၁ ယူနစ် (နာရီကီလိုဝပ်)ထုပ်လုပ်မှု ကုန်ကျစရိတ်က တော့ ထိုင်းဘတ်အနေနဲ့ ရေ - ၁.၅၊ ဂစ်စ် ၄.၀၊ လေ ၈.၀ နဲ့ နေ က ၁၂.၀ လောက် ကျသင့်ပါတယ်။ (ဒီကနေ့ ၁ ဘတ်ကို ၃၆ ကျပ်လောက် ပေါက်နေပါတယ်။)

၂။ သဘာဝစွမ်းအင် ထုပ်လုပ်ဖို့ ရေ၊မြေ အနေအထား အကောင်းဆုံးမှာ မရှိပါဘူး။ လေစွမ်းအင် စီးပွားဖြစ် ထုပ်လုပ်နေတဲ့ တစ်ချို့ ဥရောပနိုင်ငံနဲ့ နှိုင်းယှဉ်ရင် မြန်မာတစ်ပြည်လုံးရဲ့ ပျမ်းမျှလေတိုက်နှုန်းနဲ့ တိုက်ခတ်မှု ပုံစံက လေစွမ်းအင်အတွက် အားရစရာ မရှိပါဘူး။ ဆိုလာစွမ်းအင် အနေနဲ့ အီကွေတာနဲ့ နီးလို့ နေရဲ့ပြင်းအားကောင်းသော်လည်း မုတ်သုန်ရာသီဥတု ရရှိတဲ့၊ မီုးများပြီး တီမ်ထူတဲ့ အောက်မြန်မာနိုင်ငံမှာတော့ နေရောင်ကျရောက်ချိန် နည်းနေပြန်ပါတယ်။ (တကယ်တော့ ကမ္ဘာ မှာ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ဖို့ အသင့်တော်ဆုံး ဒေသတွေကတော့ ကန္တာရ ဒေသတွေပါ။ နေရောင်ကျရောက်ချိန် များပြီး သာမာန်အားဖြင့်လည်း တစ်ခြားဘာမှလုပ်လို့ မရတဲ့ ပေါများတဲ့မြေ နေရာ ဖြစ်နေလို့ပါ။)

၃။ Municipal and Government Infrastructure Support ကလည်း သိပ် Favorable မဖြစ်သေးပါဘူး။ ဥပမာ တစ်ခု အနေနဲ့ သူတို့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ သင့်ရဲ့ ပိုလျှံတဲ့ လျှပ်စစ်စွမ်းအင်တွေကို နီးစပ်ရာ အစီုးရ၊ ပုဂ္ဂလိက တွေရဲ့ မဟာဓါတ်အားလိုင်း တွေထဲကို ပို့ပြီး ရောင်းလို့ရပါတယ်။ သင့်မှာ ဆိုလာစနစ်ရှိတယ် ဆိုပါဆို့။ နေ့ဘက်မှာ သိပ်အသုံးမရှိတဲ့ အတွက် ပိုနေပါလိမ့်မယ်။ ညဘက်မှာတော့ သင့်ရဲ့ ဆိုလာပြားက ဘာစွမ်းအင်မှ ထုပ်လို့မရတော့ပါဘူး။ အဲဒီအခါမှာ မီးထွန်းဖို့၊ ထမင်းဟင်းချက် ဖို့စွမ်းအင်ကို မဟာဓါတ်အားလိုင်းဆီက (သင်ရောင်းတဲ့ဈေးထက် အနည်းငယ် မြင့်တဲ့ဈေးနဲ့ ပြန်ဝယ်ရပါမယ်။) ပြန်အသုံးချရပါတယ်။ တကယ်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီစနစ်မရှိဘူး ဆိုရင်တော့ စွမ်းအင် သိုလောင်တဲ့စနစ် တစ်ခုကို ထပ်ပြီး ရင်းနှီးမြုပ်နှံရအုံးမှာပါ။ အဲဒါကတော့ ဘက်ထရီပါ။(ဒီစရိတ်က ဘက်ထရီ မရှိတဲ့ စနစ်တစ်ခုလုံးစရိတ်ထက် ၁၀၀ % နီးပါးတက်လာအုန်းတဲ့ အပြင် အသုံးပြုမှု သက်တမ်းကလည်း တိုလာအုန်းမှာပါ။ ဆိုလာပြား သက်တမ်းကတော့ ၁၀ နှစ်လောက်ရှိတဲ့အတွက် ပြသာနာ သိပ်မရှိပါဘူး။ ၁၀ နှစ်ကြာတဲ့ အချိန်မှာ ဆီလီကွန် ဆိုလာပြားဈေးနှုန်းကလည်း ခေါက်ချိုးမက ကျသွားမှာပါ။)

၎။ ဝန်ဆောင်တပ်ဆင်ပေးသူ နဲ့ သုံးစွဲသူ ရဲ့ နည်းပညာ ဆိုင်ရာအားနည်းမှုပါ။ လေဒလက် တပ်လို့မှ သိပ်မကြာသေးပါဘူး။ မုတ်သုန်အဝင် လေကြမ်းလို့ စက်ပိုင်းမှာ ဒလက်၊မော်တာနာသွားတာနဲ့။ လျှပ်စစ်ပိုင်းမှာ မီးအဝင်ကြမ်းပြီး ပြသာနာပေးတာနဲ့။ နေစွမ်းအင် ကျတော့လည်း တပ်ဆင်မှု နေရာနဲ့ အနေအထား အကောင်းဆုံး မရတာ။ ဆိုလာပြား ကို ထိမ်းသိမ်းမှုနည်းလို့ စွမ်းအားပြည့် မရတာ။ ဒါက ပြသာနာ တစ်ချို့ပါ။

ဒါဆိုရင် ကျွန်တော်တို့ ရဲ့ရွေးချယ်စရာ လမ်းက မရှိတော့ပြီလား။ အစိုးရရဲ့ လျှပ်စစ်စနစ်က အားထားမရတော့ အခုလက်ရှိတော့ တစ်နိုင်တစ်ပိုင် ပုဂ္ဂလိက မီးပေးစနစ် ပဲ အားကိုးနေရ အုံးမှာပါ။ တစ်ချို့ဒေသတွေ မှာဆို ဒီဇယ်ဈေးအတိုင်း လျှပ်စစ်ဈေးက ပေါက်နေတာပါ။ ဒီဇယ် တစ်လီတာ ၁၂၀၀ ကျပ် ဆိုရင် မီးဈေး တစ်ယူနစ် ၁၂၀၀ ကျပ်ပေါ့။ တကယ်တမ်း ထုပ်လုပ်မှု ကုန်ကျစရိတ်က(ရင်းနှီးမြုပ်နှံမှုမပါဘဲ) ဆီဈေးရဲ့ တစ်ဝက်လောက် ဘဲ ရှိပါတယ်။ (စကားမစပ် ပုဂ္ဂလိက မီးပေးတဲ့သူကိုပဲ အမြတ်ကြီးစားတယ် လို့ ပြောလို့ မရပါဘူး။ ဒီပြသာနာ ရဲ့ အဓိက ဇတ်ကောင် က အုပ်ချုပ်သူ ကောက်ရိုးပုံ စောင့်ခွေးပါ။ ကိုယ်တိုင်လည်း လုပ်မပေးနိုင်ပါဘူး။ - တကယ်တော့ လုပ်ပေးနိုင်ပါတယ်။ တစ်နှစ် ဒေါ်လာ သန်း ၂၀၀၀ ဂစ်ရောင်းလို့ ပိုတဲ့ငွေနဲ့ မြန်မာတစ်ပြည်လုံး ဟောင်းနွမ်းပြီးသုံးမရတော့တဲ့ ဓါတ်အားစနစ်ကို ပြန်အဆင့်မြင့်လို့ရပါတယ်။ လောင်စာကလဲ သူတို့ရဲ့ ဓတ်ငွေ့တွေ ပေါမှပေါပါပဲ။ ဒါပေမယ့် တစ်ကယ်တမ်း ဒီငွေတွေတစ်ဝက်လောက်က သူတို့ရဲ့လုပ်ထားတဲ့ငွေလဲနှုန်းဈေးနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ငွေစာရင်းထဲကို ရောက်သွားပြီး ကျန်တာတွေက တပ်မတော် စရိတ်ကို ရောက်သွားပြန်ရော။ - တရားမဝင် ဒေသ နားလည်မှုနဲ့ပဲ သူတို့နဲ့ အလွမ်းသင့်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုပဲ ပွင့်လင်းတဲ့ ပြိုင်ဆိုင်မှု၊ တင်ဒါတွေ မရှိပဲ မီးပေးလုပ်ငန်းကို လုပ်ခိုင်းထားတာပါ။ မရေရာမှုနဲ့ ရင်းနှီးမြုပ်နှံမှု စရိတ် အမြန်ဆုံးပြန်ရအောင်လုပ်ဖို့ရယ်။ ဒီကြားထဲမှာ သူတို့ရဲ့ ဋ္ဌာနဆိုင်ရာတွေကို အလကားပေးထားတဲ့မီးရယ်၊ လက်ဖက်ရည်ဖိုး - ဒီလက်ဖက်ရည်ဖိုးနဲ့ပဲ တိုက်တွေဆောက်ကြတာ မနည်းတော့ပါဘူး - တွေကြောင့် ပုဂ္ဂလိက မီးဈေးက ဒီလောက် ဖြစ်နေတာပါ။

ဒီတော့ လောလောဆယ် ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်တာကတော့ စွမ်းအင်ချွေတာရေး လုပ်ဖို့ပါပဲ။ သင့်ရဲ့မီးချောင်းတွေ။ တီဗွီ၊ ရေခဲသေတ္တာ တွေကို စွမ်းအင် Efficiency ပိုရှိတဲ့ ဟာနဲ့အစားထိုးတာတွေ၊ အသုံးမလိုတဲ့ နေရာမှာ မလိုအပ်တဲ့ မီးတွေပိတ်ထားဖို့ ဆိုတာတွေ လုပ်နိုင်ပါတယ်။

ဒီလောင်စာ ပြသာနာကြောင့် ကျွန်တော်တို့ ရဲ့လူနေမှုစရိတ်။ ငွေဖောင်းပွမှုတွေ အများကြီးလိုက်တက်လာ ဖို့ ရှိပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဟိုတစ်လောက သတင်းစာ ထဲမှာ ပါသလို နွားနဲ့ ’မီးထွန်း’ ဖို့ ကိုတော့ မစဉ်းစားကြပါနဲ့။ ဒါဆိုရင်တော့ နောက်ဆုံးမှာ သင်ကိုယ်တိုင် ဝင်ပြီး နွားဝင်လုပ်နေရမှာပါ။ :)

0 comments:

Template by : kendhin x-template.blogspot.com