Tuesday, June 24, 2008

လူကုန်ကူးမှု၌ ပါဝင်သည်ဟု သံသယရှိသူများ ကော့သောင်းတွင် ဖမ်းဆီးခံရ

ကျော်ထင်/ ၂၃ ဇွန် ၂၀၀၈
ပြီးခဲ့သည့်ဧပြီလက ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်သို့အသွား အအေးခန်းကားပေါ်တွင် မြန်မာ နိုင်ငံသား (၅၄) ဦး လေမွန်းကျပ်ပြီး သေဆုံးပြီး နောက်ပိုင်း ကော့သောင်းမှ လူကုန်ကူးမှုနှင့် ပတ်သက်နေသူများကို ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ ဆက်တိုက် ဖမ်းဆီးလျက် ရှိသည်။

လက်ရှိအချိန်ထိ တည်းခိုခန်းပိုင်ရှင်များ၊ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများနှင့် ဆိုင်ကယ်တက္ကစီ သမားများအပါအ၀င် လူကယ်ရီဟု ယူဆရသူ (၃၀) ကျော်ကို ကြပ်ပြေးနေပြည်တော်မှ တိုက်ရိုက် ဆင်းလာသည့် အထူးစုံစမ်းစစ်ဆေးရေး (အက်စ်ဘီ) မှ ခေါ်ယူ စစ်ဆေးနေကြောင်း နယ်ခြား ကော်မတီနှင့်နီးစပ်သည့် ကော့သောင်းမှ မြန်မာကုန်သည်ကြီးတဦးက ပြောသည်။

၎င်းက “တချို့ကလည်း ငွေလွှဲနဲ့ပတ်သက်တယ်။ တချို့က ပက်ကေခ်ျ့နဲ့ပတ်သက်တယ်။ တချို့က တည်းခိုခန်းတို့၊ ဆိုင်ကယ်နဲ့ ပို့တာတို့ပေါ့။ အဲဒီလုပ်ငန်းကလည်း တမြို့လုံးလိုလို တခုမဟုတ်တခုနဲ့ပတ်သက်နေတော့ အဆွဲခံရမလားဆိုပြီး ရှောင်တဲ့သူလည်း တော်တော် များတယ်။ အရင် ကော့သောင်းက အက်စဘီဟောင်းဖြစ်တဲ့ ဦးသောင်းအေး၊ သူ့ကို ဘာသာ ပြန်ပေးနေတဲ့ ဦးအောင် တို့ဆိုတာ တိုက်ရိုက်ကိုပတ်သက်နေတယ်လေ။ အဲလို လူတွေက ပထမတော့ ဆန္ဒခံယူပွဲအမီ ကော့သောင်းပြန်လာပါမယ်ဆိုပြီးမှ လုံးဝမလာရဲတော့ဘူးလေ” ဟု ပြောသည်။

စောစောပိုင်းက နယ်မြေခံရဲ၊ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးကဲ့သို့ အစိုးရ၀န်ထမ်းများလည်း လူကုန်ကူးမှုများတွင် တနည်းမဟုတ် တနည်း ပါဝင်ပတ်သက်သည်ဟု သတင်းများထွက် ပေါ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ၎င်းတို့အား ခေါ်ယူစစ်ဆေးခြင်းမရှိသေးပေ။

“အခုအရေးယူတဲ့အထဲ ၀န်ထမ်းတွေတယောက်မှမပါဘူး။ ၀န်ထမ်းက မေးစရာကိုမလိုဘူး၊ လုံးဝကို ပါဝင်ပတ်သက်နေတာ။ ဒါပေမယ့် ဒီလူတွေက နည်းနည်းလည်တယ်ဗျ၊ ထိုင်းကို ကယ်ရီတွေနဲ့ ၀င်မယ်ဆိုတာသိသိနဲ့ အိမ်ထောင်စု စာရင်းပါပြီး ဘောင်ဝင်နေတယ်ဆိုရင် နည်းနည်းပါးပါးယူပြီး လုပ်ပေးလိုက်တာပဲ” ဟု ပြောသည်။

ကော့သောင်းသို့ ရောက်လာသူများသည် ၎င်းတို့သွားရောက်မည့် ဒေသခံများထံမှ နေရပ် လိပ်စာအပြည့်အစုံ သန်းကောင်စာရင်း (ပုံစံ-၁၀) စသည်တို့ ပြသနိုင်မှသာ မြို့တွင်းသို့ ၀င်ရောက်ခွင့်ရကြသည်။

ကော့သောင်းမှ မြို့မျက်နှာဖုံးတဦးဖြစ်သူ ရွှေကမ္ဘာတည်းခိုခန်းပိုင်ရှင် ဦးဝင်းနိုင်သည် မြန်မာ နိုင်ငံသား (၅၄) ဦး သေမှုများ ဖြစ်ပွားပြီးနောက် ထိုင်းဘက်ကမ်းသို့ သွားရောက်တိမ်းရှောင် နေရာမှ ဇွန်လ (၃) နေ့က လာရောက်ဖမ်းဆီးခံခဲ့ပြီး ၎င်း၏ဇနီးမှာ အခင်းဖြစ်ပွားပြီး ရက်ပိုင်း အတွင်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

လက်ရှိလည်း ရနောင်းတွင် တိမ်းရှောင်နေသူအချို့ကို မြန်မာဘက်မှ တောင်းဆိုမှုကြောင့် ထိုင်း အာဏာပိုင်များက ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း ကော့သောင်းမှ အဆိုပါကုန်သည်ကြီးက ပြောသည်။ ။

0 comments:

Template by : kendhin x-template.blogspot.com