Monday, July 21, 2008

တာချီလိတ်နယ်စပ်တွင် ဆိုင်ကယ်ဈေးများ ထိုးတက်

via မျိုးချစ်မြန်မာ by ကိုကို :D on 7/14/08
သီတာထွန်း။ ဇူလိုင် ၁၄ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မြန်မာဖက်မှ ၀ယ်လိုအား တက်လာသဖြင့် ထိုင်း မော်တော်ဆိုင်ကယ်ဈေးများ မြင့်တက်သွားပြီးနောက် တရားဝင်နယ်စပ်ကူးသန်းမှု ပိတ်ပင်လိုက်သည့်အတွက် ဆိုင်ကယ်ကုန်သည်များ အခက်တွေ့နေကြသည်။

မူလက ထိုင်းနယ်စပ်မြို့ မယ်ဆိုင်တွင် (၂၀၀၈) ခုနှစ် နောက်ဆုံး ထုတ် ဒရင်း(မ) ဆိုင်ကယ်တစီးလျှင် ဘတ် လေးသောင်းခွဲ လောက်ရှိရာမှ ငါးသောင်းကျော်ဖြစ်သွားပြီး မြန်မာဖက်ခြမ်း တာချီလိတ်တွင် ဘတ်ခြောက်သောင်းကျော်အထိ ဈေးမြင့်တက်သွား သည်။

ထိုင်းဖက်မှ နယ်စပ်ကူးသန်းမှု တင်းကျပ်လိုက်သောကြောင့် မြန်မာဖက်ခြမ်း တာချီလိတ် မြို့တွင် တရားမ၀င် ဆိုင်ကယ်တင်သွင်းမှုမှာ ယခင်ကထက်ပိုမိုခက်ခဲလာသည်ဟု ဆိုင်ကယ်ပွဲစားများက ပြောသည်။

ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးနေချိန်တွင် မြန်မာဖက်မှ ဆိုင်ကယ်ဝယ်နှုန်း များပြားလာပြီး ထိုင်းလူမျိုးများဝယ်ယူရန်ပင် ခက်ခဲနေသဖြင့် မယ်ဆိုင်မြို့ခံများက တာဝန်ရှိသူများထံ တိုင်ကြားမှုကြောင့် ဆိုင်ကယ်တင်သွင်းမှုမှာလည်း ယခင်ကထက် ပိုမိုခက်ခဲလာသည်ဟု တာချီလိတ်မြို့မှ ဆိုင်ကယ်ပွဲစားတဦးက ပြောသည်။


" ဗမာတွေကျတော့ လက်ငင်းပေးပြီး ၀ယ်တယ်ကော။ ထိုင်းတွေကျတော့ အရစ်ကျနဲ့ ၀ယ်တယ် ဆိုင်ကယ်တွေကို။ ဥပမာ ငါးသောင်းလောက်တန်တဲ့ ဟာကို ယိုးဒယားတွေက နှစ်ထောင် သုံးထောင် အဲလိုခွဲပြီးပေး။ ဗမာကျတော့ လက်ငင်းဝယ် ပြီးတော့ ငွေ ချက်ချင်း လက်ငင်းချေ အဲလိုဝယ်လို့ ထိုင်းတွေကလည်း သူတို့ အကုန်လုံးဗမာကို ရောင်းတာဆိုတော့ ထိုင်းတွေကလည်း သူတို့စီးစရာမရှိတော့ ထိုင်းပြည်သူတွေက သူတို့ တိုင်တာပေါ့။ အဲလိုတိုင်တော့ အခု စစ်သားတွေက လာစောင့်တယ်ပြောတာပဲ။ ကူးရတာ နည်းနည်းကျပ် တာပေါ့။ သေနတ်တွေ ဘာတွေနဲ့ စောင့်တာဆိုတော့။ ကူးရင် သေနတ်နဲ့ပစ်မယ်။"

ယခင်က တာချီလိတ်-မယ်ဆိုင်တံတားပေါ်မှ အာဏာပိုင်များက နားလည်မှုနှင့် အခွန်ကောက်ပေးပြီး မြန်မာဖက်ကမ်းသို့ ဆိုင်ကယ်များကို တင်သွင်းနေသော်လည်း ယခုအခါ တရားမ၀င်သည့်နည်းများဖြင့် ခိုးသွင်းနေရသည်။

"ကူးခကို ကူးပေးတဲ့သူကို တစီးကို ဘတ်ငွေ လေးထောင်။ အခုတော့ မရတော့ဘူး။ နည်းနည်းရှုပ်တော့ တချို့ဆို ငါးထောင်တောင် ပေးရတယ်။ အဲဒါတောင် မသေချာဘူး။ သိမ်းသွားရင်လည်း ကိုယ့်ဟာ ပါသွားမှာပဲ။ တံတားပေါ်မှာ ကူးတာတော့ မဟုတ်ဘူး။ သူတို့က ဟိုးဖက် သူနည်းသူ့ဟန်နဲ့ တခြားရွာဖက်ကျတဲ့နေရာချောင်းကနေ ကူးတာပေါ့။"

ဆိုင်ကယ်ဈေးမြင့်တက်နေသော်လည်း ၀ယ်လိုအား များပြားလွန်းသဖြင့် ဈေးကွက်တွင် ဆိုင်ကယ်ပြတ်လပ်နေသည်ဟု တာချီလိတ်မြို့ ခံတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ် မတ်လကုန်မှ စတင်ကာ (၄) လအတွင်း တရားမ၀င် ဆိုင်ကယ်များကို လိုင်စင် ပြုလုပ်ပေးခဲ့ပြီးနောက်ပိုင်း ယခု ထပ်မံပြုလုပ်ပေးခြင်းကြောင့် နယ်စပ် မော်တော်ဆိုင်ကယ်ဈေးများ မြင့်တက်သွားခြင်းဖြစ်သည်။

0 comments:

Template by : kendhin x-template.blogspot.com