Friday, February 8, 2008

ကော့သောင်း၌မီးလောင် အိမ် (၃) လုံးပြာကျ

Ref : New Era Journal ပီတာအောင်/ ၆ ဖေဖော်ဝါရီ ၂၀၀၈
တနင်္သာရီတိုင်း ကော့သောင်းမြို့၌ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် (၃) လုံးပြာကျသွားသည်ဟု မြို့ခံများက ပြောသည်။

ယနေ့ ညနေ (၃) နာရီခွဲခန့်၌ ကော့သောင်းမြို့ အောင်သုခရပ်ကွက် (၁) မိုင် မတ်အာလီကုန်းရှိ လူနေအိမ် (၁) လုံးမှ စတင်မီးလောင်ခြင်းဖြစ်ပြီး အနီးရှိ အိမ် (၂) လုံးကိုပါ မီးကူးစက် လောင် ကျွမ်းသွားသည်ဟု သိရသည်။

ကော့သောင်းမြို့ခံတဦးက “ခုပဲလောင်တာ။ အိမ် (၃) အိမ်ပြာကျသွားပြီ။ မီးဖိုဒယ်အိုးကနေ စလောင်တယ်။ အဲဒီအိမ်မှာ ကလေးတွေ ကျောင်းသွားနေတယ်။ ကလေးတွေရဲ့ မိဘလည်း
မရှိဘူး။ အဖွားကြီးက မီးဖိုပြီး အပြင်ထွက်ထိုင်နေတုန်း လောင်တာ။ အိုကြီးအိုမနဲ့ဆိုတော့ ထမသတ်နိုင်ဘူး” ဟု ပြောသည်။

ပုဂ္ဂလိကရေကားများအကူအညီဖြင့် ရပ်ကွက်လူထုက ၀ိုင်းဝန်းငြိမ်းသတ်ကြသဖြင့် မီးငြိမ်းသွား ခြင်းဖြစ်သည်ဟု ကော့သောင်းမြို့သားတဦးက ပြောသည်။

၎င်းက “မီးသေသွားပြီ၊ မီးသေသွားပြီဆိုတာ အစိုးရကလုပ်လို့မဟုတ်ဘူး။ (၃) အိမ်ပြာကျသွား
ပြီးမှ မီးသတ်ကားရောက်လာတယ်။ ရှေ့က လောင်းသွားတဲ့ဟာတွေက ပုဂ္ဂလိကရေကား ရောင်း စားနေတဲ့အဖွဲ့တွေ၊ သူတို့ကနေ ငြိမ်းသတ်လို့သေသွားတယ်။ မီးသတ်ကားရောက်တဲ့အချိန် မီးငြိမ်းသွားပြီ” ဟု ပြောသည်။

မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းနှင့် ပြာကျသွားသည့် အိမ် (၃) လုံး၏ ကာလ ပေါက်ဈေး သိန်း(၂၀၀) ကျော်ရှိမည်ဖြစ်ကြောင်း မြို့ခံများက ခန့်မှန်းသည်။

မြန်မာနိုင်ငံတ၀န်းလုံး၌ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းက မီးလောင်မှုအကြိမ် (၈၀) ဖြစ်ပွားခဲ့ပြီး မီးလောင်မှု အများစုသည် မီးဖိုမီးနှင့် ပေါ့ဆမီးတို့ကြောင့်ဖြစ်သည်ဟု နအဖ စစ်အစိုးရပိုင် သတင်းစာများတွင် သတင်းထုတ်ပြန်ထားသည်။ ။

0 comments:

Template by : kendhin x-template.blogspot.com