Thursday, September 18, 2008

ကုန်တင်စက်လှေမီးလောင် သိန်းထောင်ချီ ဆုံးရှုံး

မြန်မာနိုင်ငံ တောင်ပိုင်း၊ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဆိပ်ကမ်းတခုတွင် ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် စက်လှေတစင်း ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားရာ ကာလပေါက်ဈေး မြန်မာကျပ်ငွေတန်ဘိုး သိန်းထောင်ချီခန့် ဆုံးရှုံး ...

ချင်းမိုင်။ ။ မြန်မာနိုင်ငံ တောင်ပိုင်း၊ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဆိပ်ကမ်းတခုတွင် ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် စက်လှေတစင်း ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားရာ ကာလပေါက်ဈေး မြန်မာကျပ်ငွေတန်ဘိုး သိန်းထောင်ချီခန့် ဆုံးရှုံးသွားကြောင်း သိရသည်။

ကော့သောင်းမြို့ နှင့် ထားဝယ်မြို့တို့ အကြား ကုန်ပစ္စည်းများ တင်ဆောင်ပေးနေသည့် "အောင်ကောင်းမြတ်" အမည်ရှိ စက်လှေတစီး ကော့သောင်းမြို့နယ် ရွှေစင်ယော် ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ယမန်နေ့ ည ၇း၃ဝ နာရီခန့်တွင် စက်လှေမှ ရေစုပ်ထုတ်ရန် စက်နိုးရာမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မြန်မာကျပ်ငွေ တန်ဘိုး ခန့်မှန်းချေ သိန်း ၆ ထောင်ကျော် ဆုံးရှုံးသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"ကျနော်တို့ဆီမှာ ဒီမနက် သတင်းထွက်နေတာကတော့ ရေစုပ်ဖို့ စက်နိုးရာကနေပြီးတော့ ဝိုင်ယာ ရှော့ဖြစ်တယ်လို့ ပြောနေကြတယ်။ အဲဒီကနေဖြစ်ပြီးတော့ မီးလောင်တယ်" ဟု အမည်မဖော်လိုသူ ကော့သောင်းမြို့ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

စက်လှေ မီးလောင်မှု ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ဒေသခံများက အနီးအနားရှိ ကျန်ရှိသည့် စက်လှေများ မီးလောင်မည်စိုးရိမ်သဖြင့် စက်လှေအား တဖက်ကမ်းရှိ ဘဝကျွန်းတွင် သီးခြားဆွဲထုတ်ကာ မီးလောင်စေခဲ့ပြီး ယနေ့နံနက် ၁ဝးဝဝ နာရီခန့်တွင် မီးလောင်ရာမှ ကွဲသွားသည့် စက်လှေဝမ်းထဲ မြစ်ရေများ ဝင်ရောက်ခဲ့သည့်အတွက် မီးငြိမ်းသွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာသို့ သွားရောက် ကြည့်ရှုခဲ့သည့် မျက်မြင်သက်သေ တဦးက "ပြည်သူတွေ ဝိုင်းပြီးတော့ မီးငြိမ်းလုပ်ဖို့ နေနေသာသာ၊ အဲဒီနာမှာ ရှိတဲ့ လှေတွေတောင် ပြန်မလောင်တာ ကံကောင်း။ စက်လှေမှာက ဆီပေပါ ပါတော့ ဝုန်းဝုန်းနဲ့ ပေါက်တာကိုး။ ပေါက်တော့ ချက်ချင်းပဲ ဆွဲထုတ်သွားလိုက်တယ်" ဟု သူကပြောသည်။

မီးလောင်မှုကြောင့် စက်လှေမောင်း သူမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီးနောက် သေဆုံးခဲ့သည်ဟု ဒေသခံများအကြား သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြု မပြောဆိုနိုင်သေးပါ။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် စက်လှေတွင် ဆီ (ဓါတ်ဆီ ပေပါ ) ၊ ဘိလပ်မြေ၊ ဆားအိတ်များ အပြင် အခြားကုန်ပစ္စည်းများလည်း မီးလောင်ကျွမ်းခဲ့သည့်အတွက် ဆုံးရှုံးမှုပမာဏ များကြောင်း ဒေသခံများက ပြောသည်။

အလားတူ စက်တင်ဘာလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပင်လယ်ထွက် ပစ္စည်းများဖြစ်သည့် ငါး၊ ပုဇွန်များကို ရောင်းချပြီးအပြန် ကော့သောင်း ဆိပ်ကမ်း အနီးတွင် ကုန်တင်ကုန်ချ ပြုလုပ်နေစဉ် ဆေးလိပ်မီးမှ တဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကာလပေါက်ဈေး မြန်မာကျပ်ငွေတန်ဘိုး သိန်းတထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။

0 comments:

Template by : kendhin x-template.blogspot.com