Ref : NEJ / ၂၄ စက်တင်ဘာ ၂၀၀၇ - Khitpyaing Journal - www.khitpyaing.org
တနင်္သာရီတိုင်း ကော့သောင်းမြို့၌ သံဃာအပါး (၁၀၀) ၀န်းကျင်ခန့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး လမ်းလျှောက် ပရိတ်ရွတ်ကြသည်။
ပိတောက်ရွှေဝါရပ်ကွက်ရှိ မြို့လယ်ကျောင်းမှ ဆရာတော်ကိုယ်တိုင်ဦးဆောင်ပြီး သံဃာအပါး (၃၀) ကျော်ခန့် ယနေ့ မွန်းလွဲ (၁) နာရီခန့်မှစတင်ကာ အဏ္ဏ၀ါရပ်ကွက်ရှိ ကမ်းနားလမ်းအတိုင်း မြို့ပတ်ပြီးလမ်းလျှောက် ပရိတ်ရွတ်ကြခြင်းဖြစ်သည်ဟု မြို့ခံတဦးက ပြောသည်။
၎င်းက "ရှေ့ဆုံးက သံဃာတပါး သာသနာအလံကိုင်ပြီး၊ နောက်က တပါးက သပိတ်ကိုမှောက်
ကိုင်ပြီး လိုက်နေတယ်။ နောက်က သံဃာတွေက နှစ်ပါးတတန်းစီစီပြီး လျှောက်နေကြတယ်" ဟု ပြောသည်။
မေတ္တာသုတ်ရွတ်လမ်းလျှောက်ရာတွင် ပါဝင်သည့် မြို့လယ်ကျောင်းတိုက်မှ သံဃာတော်တပါးက "ဆန္ဒပြတာရယ်လို့တော့မဟုတ်ပါဘူး။ အခြားမြို့တွေပြသလိုပဲ ဦးဇင်းတို့လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြည်သူတွေအတွက် ပရိတ်ရွတ် မြို့ပတ်လမ်းလျှောက်ကြတာပါ" ဟု မိန့်ကြားသည်။
လမ်းလျှောက်မေတ္တာသုတ်ရွတ်ဖတ်ပွဲကို (၃) ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး နောက်နေ့ထပ်မံပြုလုပ်မည့် အစီအစဉ်များကို ဘုန်းကြီးများ အစည်းအဝေးလုပ်ပြီး တိုင်ပင်နေကြသည်ဟု အဆိုပါသံဃာတော်က မိန့်ကြားသည်။
သံဃာတော်များသည် ရွှေဟင်္သာ၊ လင်းမိုင်ခြံ၊ အေးရိပ်ငြိမ်ရပ်ကွက်တို့မှတဆင့် ရွှေပြည်သာဘက်ရှိ ဘုန်ကြီးကျောင်းများသည့် ရပ်ကွက်များသို့ လမ်းလျှောက်ကြွချီကြပြီး ပြည်သူများပါဝင်ခြင်းမရှိဘဲ ဆိုင်ကယ်များဖြင့် လိုက်လံကြည့်ရှုခဲ့ကြသည်ဟု သိရသည်။
သံဃာတော်များ လမ်းလျှောက်ဆန္ဒပြရာတွင် ကော့သောင်းအာဏာပိုင်များက တားဆီးနှောင့် ယှက်ခြင်းမရှိသော်လည်း ရဲနှင့် ရဲအထူးသတင်းတပ်ဖွဲ့တို့က ဆိုင်ကယ် (၅) စီးခန့်ဖြင့်လိုက်ပြီး ဓာတ်ပုံရိုက်ယူကြောင်း သိရသည်။
သံဃာတော်များသည် ညနေ (၃) နာရီခန့်၌ ပြည်တော်အေးဘုရားပေါ်တွင် မေတ္တာသုတ်ရွတ်
ဖတ်ကာ လူစုခွဲလိုက်ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်း ဟင်္သာတမြို့၌ သံဃာအပါး (၅၀၀) ကျော်၊ ပဲခူးတိုင်း ပဲခူးမြို့၌ အပါး
(၄၀၀) ကျော်၊ သာယာဝတီခရိုင် ဇီးကုန်းမြို့၌ အပါး (၁၀၀) ကျော်၊ နတ္တလင်းမြို့၌ အပါး
(၉၀) ခန့်တို့က ပတ္တနိက္ကုဇ္ဇနကံဆောင်သည့်အနေဖြင့် ယနေ့တွင် မြို့တွင်း စီတန်းလှည့်လည် မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြကြသည်ဟု မြို့ခံများက ပြောသည်။
No comments:
Post a Comment