တရုတ်ပြည်မှ ထုတ်လုပ်သော ပစ္စည်းများနှင့် ပတ်သက်၍ အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်တွင် နာမည်ပျက်မှုများ ရှိနေသည်ကို အရေးယူ ပြုပြင်နိုင်ရန် ကြိုးပမ်းနေစဉ် တရုတ်ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနေသော စားသောက်ကုန် အချို့အဆင့်အတန်းမမီကြောင်း တွေ့ရှိခဲ့ရသည်ဟု ဘေကျင်းက ထုတ်ဖေါ်ပြောပြခဲ့သည်။
အဆိုးဆိုး ပြဿနာများကို စည်သွပ်သစ်သီးဘူးများ၊ငါးခြောက်များနှင့် သီးနှံဖျော်ရည်များတွင် တွေ့ရှိခဲ့ရသည် ဟုဆိုသည်။
အမေရိကန်ပြည်ထောင်စုသည် ပင်လယ်အစားအသောက်နှင့် သွားတိုက်ဆေးများ အပါအ၀င် တရုတ်ပြည်မှ ထုတ်လုပ်သည့် ပစ္စည်းတော်တော်များများကို ပိတ်ပင်တားဆီးထားသည်။
အစားအသောက်များ လူသုံးကုန်များမှစ၍ ဓါတ်မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများအထိကို ယခုနှစ်ဝက်ပိုင်းတွင် စမ်းသပ်စစ်ဆေးမှု ပြုလုပ်နေကြောင်း တရုတ်ပြည် အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ထိန်းချုပ်ရေးဋ္ဌာနကပြောသည်။
စမ်းသပ်ခဲ့သော ပစ္စည်းများတွင် ၁၉.၁ ရာခိုင်နှုန်းမှာ သတ်မှတ်အဆင့်ကို မမီကြောင်း၊ စားသောက်ကုန်ပစ္စည်း တော်တော်များများမှာ အဆိပ်အတောက်ဓါတ်များ သို့မဟုတ် ဘတ်တီးရီးယား သို့မဟုတ် တံဆိပ်တွင် ဖေါ်ပြထားသည့် အရည်အသွေး မမီကြောင်းကို တွေ့ရှိခဲ့ရသည် ဟုဆိုသည်။
သို့သော်လည်း စစ်ဆေးရေးမှူးများ အနေနှင့် ၎င်းတို့စုံစမ်းတွေ့ရှိချက်များကို အပြုသဘောဖက် အလေးပေး၍ ဖေါ်ပြခဲ့ကြသည်။
အထူးသဖြင့် မကြာသေးမီက ပြဿနာတက်ခဲ့သော အမေရိကန်ပြည်ထောင်စု ကဲ့သို့သော နိုင်ငံများသို့ တင်ပို့သည့် ပစ္စည်းများနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိမှုများ ဖေါ်ပြထားခြင်း မရှိဟုဆိုသည်။
ပြဿနာ၏အစမှာ အမေရိကန်ပြည်ထောင်စု အတွင်း၌ အိမ်အလှမွေးတိရိစ္ဆာန် ခွေး၊ ကြောင်များ သေဆုံးခဲ့ရမှုမှ စတင်ခဲ့သည်။
တိရိစ္ဆာန်အစာအဖြစ် အသုံးပြုရန် တရုတ်ပြည်မှ တင်သွင်းသော ဂျုံပသားတုများတွင် မယ်လမင်းဓါတ်များ ပါဝင်နေမှုကြောင့် ဖြစ်ရကြောင်း တွေ့ရှိခဲ့ရပြီး တိရိစ္ဆာန်အစားအစာ အမျိုး ၁၀၀ ခန့်ကို ပိတ်ပင်ခဲ့ရသည်။
ထိုအချိန်မှစ၍ အမေရိကန် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဋ္ဌာနက ပင်လယ်အစားအစာများ၊ သွားတိုက်ဆေးနှင့် ကလေးကစားကရာ ရထားရုပ်တွင် သုတ်ထားသော ဆေးနှင့်ပတ်သက်ပြီး စိုးရိမ်ဖွယ် တွေ့ရှိချက်များကို တင်ပြခဲ့သည်။
No comments:
Post a Comment